ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသည့် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ

 

မိမိတို့နိုင်ငံတွင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်  ဖြစ်ပေါ်နေခဲ့ သည့် လက်နက်ကိုင်ပဋိပက္ခများမှာ ကမ္ဘာပေါ်တွင်  သက်တမ်း အရှည်ဆုံးအဖြစ်  ကမ္ပည်းတွင်နေပြီဖြစ်သည်။  အယူဝါဒရေး၊  လူမျိုးစုရေး၊  ဘာသာရေး စသည်တို့တွင်   သဘောကွဲလွဲမှုများ ဖြင့်   လက်နက်ကိုင်ဆန့်ကျင်မှုများကို    စတင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးဟူ၍ ဖြစ်လာ သည်။ ပြည်သူတို့၏ဆန္ဒနှင့်အညီ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် တို့ကို ပြုပြင်ပြောင်းလဲပြီး ပါတီစုံဒီမိုကရေစီစနစ်နှင့် လွှတ်တော် တို့ပေါ်ပေါက်လာသည့်အခါ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း တော့မည်ဟု ပြည်သူများက မျှော်လင့်ခဲ့ကြသော်လည်း ဖြစ် မလာ။ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်နိုင်သည့် အခြား အကြောင်းပြချက်များကို လက်ညှိုးထိုးကြပြန်သည်။

 


လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာ တည်ငြိမ် အေးချမ်းမှု အပြည့်အဝမရရှိခဲ့ခြင်းက သက်ဆိုင်ရာဒေသများ၊ ဒေသတွင်းနေပြည်သူများအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း နှောင့်နှေး ခဲ့သည်။ မိမိတို့နိုင်ငံထက် နောက်ကျပြီးမှ လွတ်လပ်ရေးရခဲ့သည့်  ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများ၊ မိမိတို့နိုင်ငံထက်စော၍ ပြည်တွင်းစစ်၊ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းသွားခဲ့သည့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆီ သို့ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ထစ်ပြီးတစ်ထစ် လှမ်းတက်သွားခဲ့ ကြပြီ။  ပထဝီအနေအထားအချက်အချာကျပြီး သဘာဝသယံ ဇာတကြွယ်ဝလျက် အခွင့်အလမ်းကောင်းများရှိနေခဲ့သည့် မိမိတို့ နိုင်ငံမှာမူ   ပဋိပက္ခသံသရာတွင်း၌သာ    တစ်ပတ်ပြီးတစ်ပတ် လည်ပတ်ရင်း တစ်စတစ်စ နောက်တွင်ကျန်ရစ်နေရပြီဖြစ်သည်။ နိုင်ငံရေးကို စားပွဲဝိုင်းတွင် ဖြေရှင်းရန်  အခွင့်အလမ်းများရှိနေ ပါလျက်  လက်နက်ကိုင်လမ်းစဉ်ကို ဆက်လျှောက်နေကြခြင်း က အဖွဲ့အစည်းများ၏ ထိပ်ပိုင်းတွင် အကျိုးစီးပွားများအပေါ် မက်မောတွယ်တာမှု၊ ဩဇာအာဏာအပေါ် ယစ်မူးနေမှုတို့ကြောင့် သာ ဖြစ်ဖွယ်ရှိပြီး ဒေသတွင်းနေပြည်သူတို့၏ ဆင်းရဲဒုက္ခတို့အပေါ် လျစ်လျူရှုရာရောက်သည်။

 


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် တွင်လည်း ဥပဒေနှင့်အညီ ဆင်ခြင်တုံတရားပြည့်ဝစွာ ဖြေရှင်း ခြင်းမပြုဘဲ  ထိပ်တိုက်ရင်ဆိုင်ရေးနှင့်  အကြမ်းဖက်လမ်းစဉ် ကို ရွေးချယ်ခဲ့ကြသည့်အပြင် ငါနှင့်မတူ ငါ့ရန်သူဟူသောမူဖြင့် လက်နက်မဲ့အရပ်သားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘုန်းတော် ကြီးများနှင့် သီလရှင်များ၊ ကျောင်းသားကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ကြသည်။ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို  အကြောင်းပြု၍   နိုင်ငံပြင်ပ ရောက်နေသူများအတွင်း   ကိုယ်ကျိုးရှာ  အမြတ်ထုတ်မှု များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လျက်ရှိရာ မြန်မာပြည်တွင်း အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ  ရှိနေသရွေ့၊  နိုင်ငံနှင့် ပြည်သူတို့ ထိခိုက်နစ်နာဆုံးရှုံးနေသရွေ့ ၎င်းတို့အတွက် အကျိုး အမြတ် များရှိနေမည်ဖြစ်သည့်အတွက် စစ်မီးတောက် ကြီးသည် ထက်ကြီးအောင် လောင်စာအမျိုးမျိုးထည့်နေကြမည်သာဖြစ်သည်။

 


အထက်တွင် ဖော်ပြခဲ့သော EAO များနှင့် NUG ၊ CRPH လက်အောက်ခံ PDF အကြမ်းဖက်အုပ်စုများ၏ နောက်ကွယ်တွင် မူ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများနှင့် ပထဝီနိုင်ငံ ရေးဆိုင်ရာ မဟာဗျူဟာရည်မှန်းချက်များလည်းရှိနေပြီး မြန်မာ နိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်း ဖက်တိုက်ခိုက်မှုများ ပိုမိုကျယ်ပြန့်လာရေးဆောင်ရွက်မှုများ ရှိနေသည်။ စင်စစ်နိုင်ငံတော်၏တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ် လုံး၏ စစ်မှန်သောဆန္ဒမှာ  ငြိမ်းချမ်းရေးပင်ဖြစ်သည်။ နိုင်ငံ့အရေး ကို အေးချမ်းစွာ ဖြေရှင်းနိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးက အဖြေရှာဆောင်ရွက်ကြရာတွင် ပဋိပက္ခ များကို ရှောင်ရှားကာ ပြည်သူတို့၏ဆန္ဒကို အလေးမူကြရန်သာ ဖြစ်ပါကြောင်း။      ။