ပြည်ပဝယ်လိုအားနှင့် တိုးချဲ့စိုက်ပျိုးသင့်သော ဆေးဖက်ဝင် ‘ဝ’ဥ

Type
6

 

ပေါက်ပေါက်

 

‘ဝ’ဥအကြောင်း သိကောင်းစရာ


‘ဝ’ဥပင်များသည် Araceae (ခေါ်) ပိန်းမျိုးရင်း ဖြစ်ပြီး  ရုက္ခဗေဒအမည်မှာ   Amorphophallus Campanulatus Blume  ဖြစ်သည်။   ‘ဝ’ဥ၏ မူရင်းဒေသမှာ     အင်ဒိုနီးရှားကျွန်းဆွယ်ဖြစ်ပြီး အပူပိုင်းဒေသနှင့် အာဖရိကဒေသများတွင် သဘာဝ အလျောက်  ပေါက်ရောက်သည်။ အချို့ဒေသများ တွင် ဖျံဥဟုခေါ်ကြသည်။  မြန်မာနိုင်ငံတွင်  ‘ဝ’ဥပင် များကို  ကရင်ပြည်နယ်၊  ကချင်ပြည်နယ်၊ မွန်ပြည် နယ်၊  ရှမ်းပြည်နယ်တောင်ပိုင်းနှင့်  မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ      သစ်ရိပ်၊ ဝါးရိပ်၊  အစိုဓာတ်ကောင်းသည့်   နေရာများတွင်  သဘာဝ အလျောက် အမြောက်အမြားပေါက်ရောက်လျက် ရှိသည်။ 

 


မြန်မာနိုင်ငံတွင်  ဒေသအလိုက်   ‘ဝ’ဥမျိုးများ ပေါက်ရောက်ဖြစ်ထွန်းနေမှုကို     လေ့လာကြည့် ရာ-
•    ပဲခူး၊ သာယာဝတီ၊ မော်လမြိုင်  ဒေသများ တွင် Amorphophallus Purpuraceans ‘ဝ’ဥမျိုး၊ 
•    မြစ်ကြီးနား၊ ကသာဒေသတွင် A.Bulbifer ‘ဝ’ဥမျိုးနှင့် A.Karamsis မျိုး၊ 
•    သာယာဝတီမြို့နယ်နှင့် စစ်တောင်းမြစ်ဝှမ်း ဒေသများတွင် A.Cholonospathus ‘ဝ’ဥမျိုး၊ 
•    ကရင်ပြည်နယ်၊ ချင်းပြည်နယ်တောင်တန်း ဒေသများတွင်   A.Oneophyllum မျိုးနှင့် A.Burmaicus ‘ဝ’ဥမျိုး၊
•    ရှမ်းပြည်နယ်တောင်ပိုင်း၊    မြောက်ပိုင်းနှင့် ပြင်ဦးလွင်၊ မြန်မာပြည်အောက်ပိုင်းဒေသ များတွင်    A.Campanulatus    မျိုးနှင့် A.Conjak ‘ဝ’ဥမျိုးများ ပေါက်ရောက်ဖြစ်ထွန်း ကြသည်။ 

 


‘ဝ’ဥကို   တရုတ်နိုင်ငံနှင့်    ဂျပန်နိုင်ငံတွင် စားသောက်ကုန်ထုတ်လုပ်ခြင်း၊  စက်မှုကုန်ကြမ်း ပြုလုပ်ခြင်း၊ အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊  ဘေးထွက်ပစ္စည်းများကို လည်း တိရစ္ဆာန်အစားအစာအဖြစ်  တွင်ကျယ်စွာ အသုံးပြုကြသည်။ 

 


‘ဝ’ဥပင်၏ ပုံသဏ္ဌာန် 


အပင် ။    ။  မျိုးစိတ်ပေါင်း နှစ်ဆယ်ရှိသည့်အနက်      A.Conjak မျိုးနှင့်  A.Campanulatus မျိုးစိတ်နှစ်မျိုးသည်     အာနိသင်အကောင်းဆုံး ဖြစ်သည်။ အထူးသဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနိုင်ငံများမှ အစားအသောက်ပြုလုပ်ရန်နှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ ပြုလုပ်ရန်အတွက် ဝယ်ယူလိုသောမျိုး ဖြစ်သည်။ ဥရှိသော  အပင်မျိုးဖြစ် ပြီး အမြင့်နှစ်ပေမှ လေးပေခန့်ရှိသည်။  နှစ်ရှည်ခံ အပင်ပျော့မျိုးဖြစ်ပြီး မိုးရွာသည်နှင့်တစ်ပြိုင်နက် အစို့များထွက်လာသည်။ ဆောင်းရာသီရောက်သော အခါ အပင်ကျသွားသည်။ 

 


အရွက် ။    ။   ရွက်လွှဲထွက်သည်။ ရွက်ပြားကျယ်ပြန့်             ပြီး အလျားတစ်ပေမှ  သုံးပေအထိ ရှိတတ်သည်။ လက်ဝါးရွက်ပေါင်းဖြစ်ပြီး ရွက်ထိပ် ချွန်သည်။ ရွက်မြွှာ သုံးမြွှာမှ ငါးမြွှာအထိ ရှိတတ် သည်။ ပျမ်းမျှ လေးနှစ်၊ ငါးနှစ်သားကျော်လျှင်  ပွင့်တံ ထွက်လာသည်။

 


အပွင့်။    ။  မြေပေါ်သို့ ဥမှနေပြီး တစ်ပေမှ နှစ်ပေ                           ခန့်အထိရှိသော ရိုးတံထွက်လာသည်။ ၎င်းရိုးတံပေါ်တွင်   အစက်အပြောက်များ      ရှိကြ သည်။ ပွင့်ကာရွက်အုပ်သည် အလွန်ကြီးမားပြီး ကန်တော့ပုံ (သို့မဟုတ်) ခေါင်းလောင်းပုံသဏ္ဌာန်ရှိ သည်။ ၎င်းပွင့်ကာရွက်အုပ်၏ အကျယ်မှာ တစ်ပေခွဲ မှ နှစ်ပေနီးပါးအထိရှိတတ်ပြီး အလျား ၁၅ လက်မ ခန့်ရှည်၍ အနားများမှာ ပိန်းပန်းကဲ့သို့ ညီညာခြင်း မရှိဘဲ လှိုင်းထကာတွန့်နေသည်။ ပွင့်ကာရွက်အုပ် တစ်ခုလုံး၏ အနားတစ်ဝိုက်တွင် နီညိုရောင်ဖြစ်ပြီး အောက်ဘက်တွင် အဖြူစက်များနှောသော မီးခိုး ရောင်ဖြစ်လာကာ ကန်တော့ပုံသဏ္ဌာန် အတွင်းထဲ တွင် ခရမ်းရောင်ဖြစ်သွားသည်။ အလွန်ပြင်းထန် သော အနံ့ရှိသည်။ အပွင့်ကလေးများသည်  အလွန် သေးငယ်ပြီး ၁၀ လက်မ မှ ၁၂ လက်မ အရှည်ရှိသော ပွင့်ခိုင်ရိုးတံပေါ်တွင်    စီတန်းလျက်ပွင့်ကြသည်။ အဖို၊ အမ သီးခြားပွင့်တတ်သည်။

 


အသီး။    ။     အသီးသည် ပြောင်းဖူးနှင့်သဏ္ဌာန်တူပြီး                      ပွင့်ခိုင်ရိုးတံပေါ်တွင် စီတန်းပြွတ်သိပ် ၍ အသီးသီးလေ့ရှိသည်။ နုစဉ်မှာ အစိမ်းရောင်ဖြစ်ပြီး အသီးများရင့်မှည့်လာသောအခါ လိမ္မော်ရောင်သို့ပြောင်းသွားသည်။ 

 


ပေါက်ရာဒေသ။    ။   Conjak မျိုးသည်   အေးမြ                        သောရာသီဥတုရှိ တောင်ပေါ် ဒေသများတွင်သာ         ပေါက်ရောက်သည်။ Campanulatus မျိုးသည် မျှတသောရာသီဥတု ရှိသည့် တောင်ပေါ်ဒေသများတွင်သာ ပေါက်ရောက် သည်။  ဥ၏အရောင်မှာ    အဝါနုရောင်ဖြစ်သည်။ အစေ့အိမ်များ ပိုမိုများပြားစွာပါဝင်သည်။ အရွက် တွင် Conjak ကဲ့သို့ မျိုးပွားရန် ဥငယ်လေးများမပါရှိ ပေ။ သို့သော် ကြီးရင့်လာသော‘ဝ’ဥများမှ သားတက် များ ထွက်ပေါ်လေ့ရှိသည်။

 


‘ဝ’ဥပင်များသည်   သဘာဝအလျောက်ပေါက် ရောက်ပြီး  အစေ့မှလည်းကောင်း၊   အရွက်ရိုးတံ အရင်းတွင်ရှိသော မျိုးပြန့်ပွားသည့် “ဖု” ကလေး များမှလည်းကောင်း ဥမှဖြာထွက်သည်။ ထို့ပြင် အမြစ်ဥကလေးများမှ မျိုးပြန့်ပွားသည်။

 


‘ဝ’ဥပြုလုပ်ပုံအဆင့်ဆင့်


ဈေးထဲတွင် ‘ဝ’ဥကိုတွေ့သော်လည်း မစားဖူးပါ က ‘ဝ’ဥမှန်း မသိကြပေ။  အဘယ်ကြောင့်ဆိုသော် ‘ဝ’ဥဟုခေါ်သော်လည်း  ဥပုံသဏ္ဌာန်မျိုးမဟုတ်ဘဲ ကျောက်ကျောတုံးကဲ့သို့  အတုံးအခဲအဖြစ်  လည်း ကောင်း၊   ခေါက်ဆွဲအစိုကဲ့သို့    အမျှင်များအဖြစ် လည်းကောင်း ရောင်းချကြသည်။ ‘ဝ’ဥကို ပါးပါးလွှာ ၍ နေရောင်ခြည်တွင်ထောင်ကြည့်ပါက ပုလဲလုံး လေးများ   စီထားသကဲ့သို့   တွေ့မြင်နိုင်သည်။ ကျောက်ကျောပုံစံ ‘ဝ’ဥအဆင့်သို့မရောက်မီ အပင်ဥ ဘဝမှစ၍    အတုံးအခဲ၊    အမျှင်ဖြစ်သည်အထိ အဆင့်ဆင့်ပြုပြင်စီမံရသဖြင့် လွန်စွာလက်ဝင်သည်။ ‘ဝ’ဥကို  မူလအပင် သဘာဝအတိုင်းစားသည့်အခါ ယားတတ်သည်။

 

 ထို့ကြောင့်   ၎င်းဥကိုမှုန့်ညက် အောင်ခြေပြီး ရေနှင့်နှယ်၍ကြိုချက် အအေးခံပုံသွင်း ပြီး အလိုရှိသလို စားသုံးကြသည်။ တချို့က ‘ဝ’ဥလုပ် ရန်အတွက် အပင်ဥအစိမ်းကို ရေနှင့်နှယ်၍ ထုံးထည့် ပြီးနောက် ရလာသောအနှစ်များကို အအေးခံပုံသွင်း ပြီးမှ ပြုတ်သောနည်းကိုသုံးကြသည်။ ‘ဝ’ဥပင်ပေါများ သော ကချင်ပြည်နယ်တွင် ခပ်ကြီးကြီးဥများကို ပျော့အိနေအောင်ပြုတ်၊ အခွံခွာ၊ အသားကိုနယ်ပြီး ညက်အောင်ထောင်း၍ ငရုတ်သီး၊ နံနံပင်၊ ထုံးရေကြည် အနည်းငယ်နှင့် ဆားထည့်ပြီး ပြန်ပေါင်းထားကာ ‘ဝ’ပေါင်းအဖြစ် စားကြသည်။ ‘ဝ’ဥကိုပြုတ်ပြီး အတုံး လိုက်ဖြစ်စေ၊  အမျှင်အဖြစ်    လှီးပြီးသားဖြစ်စေ ကြာကြာထားလိုပါက ရေစိမ်ထားရမည်။ ပြုတ်ပြီးပါ က သူ့ရေပူနှင့်ပင် စိမ်ထားနိုင်သည်။ အေးသွားသော အခါ   ရေစစ်ပြီး   ‘ဝ’ဥကို   ရေခဲသေတ္တာထဲတွင်  ရက်ကြာကြာ သိမ်းထားနိုင်ပါသည်။

 


‘ဝ’ဥ စားဖွယ်စုံ


‘ဝ’ဥကို ခေါက်ဆွဲ၊ ကြာဆံ ပုံစံမျိုးထုတ်လုပ်ထား သည့်အတွက် ဆန်အစားထိုး သီးနှံအဖြစ် စားသုံး နိုင်ပါသည်။ အာရှတိုက်တွင် ‘ဝ’ဥကို အစားအများဆုံး နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ၎င်းလူမျိုးတို့က ‘ဝ’ဥကို ခေါက်ဆွဲပုံစံလှီးဖြတ်၍   အမဲသား၊   ပဲငံပြာရည်၊ ပဲပြား၊ ကြက်သွန်မြိတ်ကြီးတို့ဖြင့် အချိုချက်ထား သော “စူကီယာကီ” ဟင်းလျာမှာ   လူကြိုက်များ သည်။ ထို့ပြင် ‘ဝ’ဥကို နှစ်သက်ရာအသားတစ်မျိုးနှင့် ကြော်စားနိုင်သလို အတုံးလေးများတုံးပြီး ဝက်ရိုး၊ ကြက်ရိုးတို့နှင့်     ဟင်းချိုချက်သောက်ကြသည်။ များသောအားဖြင့် ‘ဝ’ဥကိုသုပ်စားလေ့ရှိသည်။ ‘ဝ’ဥကို ခပ်ပါးပါး ရှည်ရှည်လှီး၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ဆား၊ အရသာမှုန့်၊ ငရုတ်သီး၊ နံနံပင်၊ သံပရာသီးညှစ် ကာ ချဉ်စပ် ‘ဝ’ ဥသုပ်က အလွန်ခံတွင်းမြိန်လှပါသည်။ 

 


ဆေးဖက်ဝင်‘ဝ’ဥ


ရှေးခေတ် တရုတ်နှင့် ဂျပန်ဆေးကျမ်းများတွင် ‘ဝ’ဥကိုစားသုံးခြင်းဖြင့် ဆီးကောင်းခြင်း၊ ဝမ်းဗိုက်(အူ၊ ဆီးအိမ်)အတွင်းက  အစိုင်အခဲ၊ ကျောက် စသည် တို့ကို ကျေသက်စေကြောင်း ရေးသားဖော်ပြထား သည်။ ‘ဝ’ဥတွင် Mannam Grain ဓာတ်ပါဝင်မှုကြောင့် ကိုယ်လက်ကြံ့ခိုင်ခြင်း၊ ဝဖြိုးစေခြင်း၊ ယားယံခြင်း၊ ဆာလောင်မွတ်သိပ်မှုကို ပျောက်စေခြင်း၊ သလိပ်ထ၊ အဖျဉ်း၊  အလုံး၊  လေပြွန်ရောင်၊   လည်ချောင်းပူ၊ လေနာ၊ ဝမ်းဗိုက်နာ၊ ဆင်ခြေထောက်ရောဂါများ ပျောက်ခြင်း၊ နှလုံးတုန် ရင်ခုန်ရောဂါများမှ ကာကွယ် ပေးခြင်း၊ ခန္ဓာကိုယ်တွင်း အဆီပိုများဖြစ်ပေါ်မှုကို ဟန့်တားပေးခြင်း၊ ဆီးအိမ်ရောင်ခြင်းမှ ကာကွယ် ပေးခြင်း၊ ‘ဝ’ဥရိုင်းကို လျှာပွတ်ဆေးအဖြစ် အသုံးပြု ခြင်းစသည့် ပရဆေးများအဖြစ် အသုံးပြုကြသည်။ 

 


‘ဝ’ဥကို ဂျပန်လူမျိုးများသာမက အခြားနိုင်ငံများ မှ လူမျိုးများလည်း  ဆေးဖက်ဝင်ဓာတ်စာအဖြစ် အသုံးပြုကြသည်။ အဓိကအကြောင်းရင်းမှာ ‘ဝ’ဥတွင် လူကို အဝလွန်၊ အဆီပိတ် ဘေးဖြစ်စေတတ်သော၊ လူကိုဘေးဖြစ်စေတတ်သော    ကိုလက်စထရော (ခေါ်) ဓာတုပစ္စည်းတစ်မျိုး မပါသလောက် လွန်စွာ နည်းပါးသည်။  ‘ဝ’ဥကြော်၊ ‘ဝ’ဥဟင်း၊ ‘ဝ’ဥသုပ် စားပြီးသောအခါ   ဆာလောင်မွတ်သိပ်မှုမှ အာသာ ပြေပျောက်သွားသည်။ ‘ဝ’ဥထဲတွင် HDL ကိုလက် စထရော မပါသလောက်နည်းသဖြင့်  သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ဆီးချို စသည့်ရောဂါဆိုးများ ဖြစ်မလာအောင်  ထိန်းသိမ်းကာကွယ်ပေးနိုင်သည်။    လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း    (မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း)က  ၁၉၈၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သော မြန်မာ့ဆေးဝါးပင်များစာအုပ်တွင် ‘ဝ’ဥနှင့်ပတ်သက်ပြီး “ဝဥအား အမျိုးသမီးများ    ဗိုက်ပူခြင်း၊  ဆီးအိမ်ကြီးခြင်းမှ   ကာကွယ်ရန် လည်းကောင်း၊      ကိုယ်ရေစစ်၍ အသားအရေလှပ စေရန်လည်းကောင်း၊ သက်ကြီးရွယ်အိုများအတွက်  နှလုံးတုန်၊ ရင်ခုန်ရောဂါကို   ကာကွယ်ရန်လည်း ကောင်း၊  လူ့ခန္ဓာကိုယ်တွင် လိုအပ်သည်ထက်ပို၍ အဆီများ  အစိုင်အခဲဖြစ်ခြင်းမှ   ဟန့်တားရန် လည်းကောင်း  သုံးနိုင်သည် ” ဟု ရေးသားဖော်ပြ ထားပါသည်။

 


ချင်းပြည်နယ်နှင့် ‘ဝ’ဥဈေးကွက်


ချင်းပြည်နယ်တွင် ‘ဝ’ဥ အဖြူ၊ အဝါ၊ အနီ သုံးမျိုး စလုံး စိုက်ပျိုးပြီး အဝါနှင့် အနီက ထွက်အားကောင်း သဖြင့်   စိုက်ပျိုးမှုပိုများသည်။   ယခင်က  သဘာဝ တောတောင်များအတွင်းမှ  လိုက်လံရှာဖွေတူးဖော် ကြပြီး ယခုအခါ တောတွင်းမှမျိုးပွား၍ ကိုယ်ပိုင် စိုက်ပျိုးခြင်းများဖြင့်   စနစ်တကျ    စိုက်ပျိုးလာကြ သည်။ ၂၀၁၉ ခုနှစ်က ချင်းပြည်နယ်အတွင်း ‘ဝ’ဥ ဈေးကွက်သည် ရောင်းလိုအားထက်  ဝယ်လိုအား များခဲ့သည့်အတွက် ‘ဝ’ဥဈေးကောင်းခဲ့ကြောင်း၊ MFVP အသင်းနှင့် UK Aid တို့မှ ကျွမ်းကျင်ပညာရှင် များကလည်း    ‘ဝ’ဥခြောက်နှင့်    ‘ဝ’ဥခေါက်ဆွဲ ထုတ်လုပ်နည်းများကို သင်ကြားပို့ချကာ ဖြန့်ဝေခဲ့ ကြောင်း လေ့လာသိရှိရသည်။  

 


ထို့ပြင် ‘ဝ’ဥခြောက်အမှုန့်များ  ထုတ်လုပ်နိုင်စေရန်   ‘ဝ’ဥပါးလွှာစက်၊ အခြောက်ခံစက်နှင့် အမှုန့်ကြိတ် စက်များ ဝယ်ယူရရှိနိုင်မည့် ကုမ္ပဏီများနှင့် စိုက်ပျိုး ရေးလုပ်ငန်းရှင်များကို          ချိတ်ဆက်ပေးခြင်း၊ ထိုစက်ပစ္စည်းများအတွက်လိုအပ်သော   လျှပ်စစ် ဓာတ်အားရရှိစေရန်   စီစဉ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။ 

 


စိုက်ပျိုးရေးဌာန၏     တရားဝင်   ထုတ်ပြန် ကြေညာချက်များအရ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ‘ဝ’ဥစိုက်ပျိုးဧကပေါင်း ၉၀၀၀ ကျော်ရှိပြီး    ယင်း စိုက်ပျိုးဧကများတွင်  ချင်းပြည်နယ် မင်းတပ်ခရိုင် တွင် ‘ဝ’ဥစိုက်ဧက ၇၁၀၇ ဧက၊  ကန်ပက်လက် မြို့နယ်တွင် ဧက ၇၃၀၊ ချင်းပြည်နယ်   ဟားခါး မြို့နယ်တွင် ၆၈၈ ဧက၊ ဖလမ်းမြို့နယ်တွင် ၁၈၁ ဧကနှင့်   တီးတိန်မြို့နယ်တွင်     ၇၁၁  ဧကရှိကာ ချင်းပြည်နယ်မှ နှစ်စဉ် ‘ဝ’ဥအစို ပိဿာချိန် သိန်းချီ ထွက်ရှိခဲ့သည်။  ကိုဗစ်-၁၉ ရောဂါ  မတိုင်ခင်က ပြည်တွင်းမှထွက်ရှိသော ‘ဝ’ဥအစို၊ အခြောက်နှင့် အမှုန့်များကို  ပြည်ပဈေးကွက်  ပိုမိုကျယ်ပြန့်လာ စေရန်  သက်ဆိုင်ရာတာဝန်ရှိသူများက   ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ 

 


ပြည်တွင်းမှထွက်ရှိသော ‘ဝ’ဥအခြောက်များကို ဂျပန်၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံများသို့ ပင်လယ် ရေကြောင်းမှတစ်ဆင့် တင်ပို့လျက်ရှိပြီး ‘ဝ’ဥအမှုန့် များကို ဂျပန်၊ မလေးရှားနှင့်  UAE နိုင်ငံများသို့ လည်းကောင်း၊ ‘ဝ’ဥ အစို၊ အခြောက်နှင့် အမှုန့်များကို တရုတ်နိုင်ငံသို့လည်းကောင်း  တင်ပို့နိုင်ခဲ့သည်။ ထို့ပြင် ‘ဝ’ဥကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရန် ချင်းပြည်နယ် မင်းတပ်မြို့တွင် စက်ရုံတည်ဆောက် ထားပြီး    တရုတ်ကုမ္ပဏီနှင့်    နှစ်စဉ်တန်ချိန် ၅၀၀ ခန့်၊ ခန့်မှန်းတန်ဖိုး   အမေရိကန်ဒေါ်လာ ငါးသန်း   ရောင်းဝယ်ရေးစာချုပ်      ချုပ်ဆိုထား ကြောင်း     ယမန်နှစ်သတင်းများအရ       သိရသည်။ 

 


နိုင်ငံခြားဈေးကွက်တွင်   နေရာရ


အချုပ်အားဖြင့်ဆိုသော်   မြန်မာပြည်ထွက် ‘ဝ’ဥများကို ပြည်ပက ဝယ်လိုအားများနေပါသည်။ ၎င်းနိုင်ငံများတွင် မြန်မာပြည်ထွက် ‘ဝ’ဥကုန်ကြမ်း များဖြင့် စားသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း အတွက်သာမက   ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊      စက္ကူ လုပ်ငန်း၊   ကော်အမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊   ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်း         စသည်တို့ တွင်      စက်မှုကုန်ကြမ်းပစ္စည်းအတွက်   အထူး လိုအပ်လျက်ရှိနေကြသည်။    ထို့ကြောင့်    မြန်မာ့ ‘ဝ’ဥများက  နိုင်ငံခြားဈေးကွက်တွင်   နေရာရနေပါ သည်။ 

 


ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း  ချင်းပြည်နယ် မြေဧက ၁၀၀ အတွင်းတွင် ‘ဝ’ဥကို  ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးထားသည်မှာ အားရ ဖွယ်ဖြစ်ပါ သည်။ ချင်းပြည်နယ်သာမက ‘ဝ’ဥစိုက်ပျိုးရန် ရေမြေ ဒေသသင့်သော   မြန်မာနိုင်ငံ၏    အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း ‘ဝ’ဥပင်များကို  ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း နှင့် ဆန်အစားထိုးသီးနှံ ‘ဝ’ဥစိုက်ပျိုးသော တောင်သူ များအတွက်   နည်းပညာနှင့်  လိုအပ်ချက်များကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြစေလိုပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။     ။