ပြည်ပပြန် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်များတွင် လက်ခံလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ   ၁၀


ပြည်ပနိုင်ငံများမှ  ဝင်ရောက်လာသည့်     မြန်မာ နိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၉  ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)   ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈ ဦး၊ အမျိုး သမီး ၁၅ ဦး၊ စုစုပေါင်း ၃၃ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသားတစ်ဦး၊ အမျိုး သမီးသုံးဦး၊ စုစုပေါင်းလေးဦးတို့ကို လက်ခံခဲ့ကြသည်။ 

 


ထိုသို့လက်ခံရာတွင်    သက်ဆိုင်ရာ     ပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉  ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine   ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေး ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို  ရှင်းလင်းပြောကြားခြင်းတို့ကို   စနစ်တကျ ဆောင်ရွက်ပေးပြီး   တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့   လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများ အား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ် မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်