
နေပြည်တော် အောက်တိုဘာ ၈
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၈ ရက် တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေးဂိတ်မှ အမျိုးသား ၂၃၄ ဦး၊ အမျိုးသမီး ၁၄၅ ဦး စုစုပေါင်း ၃၇၉ ဦးနှင့် ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၂၆၄ ဦး၊ အမျိုး သမီး ၂၁၉ ဦး စုစုပေါင်း ၄၈၃ ဦးတို့ကို အသီးသီး လက်ခံခဲ့သည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံ များမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထား စာရွက်စာတမ်းများပြုလုပ်ပေးခြင်း၊ ကျန်းမာ ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများ အား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်