ပြည်ပနိုင်ငံအချို့၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း အချို့က ထုတ်ပြန်ခဲ့သည် ထုတ်ပြန်ချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာကန့်ကွက်ပယ်ချ

 

နိုင်ငံတော်အတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်ပြီး လူမဆန်သည့် သတ်ဖြတ်ကျူးလွန်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ  ကျူးလွန်ရာတွင်  စီစဉ်ညွှန်ကြားစီမံဆောင်ရွက်ခြင်း၊  ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် တရားခံ (၄) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မများအရ ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြည်ပနိုင်ငံ အချို့၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းအချို့က ဝေဖန်ပြစ်တင်သည့် ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။ 

 


မြန်မာနိုင်ငံသည်  နိုင်ငံတော်   တည်ငြိမ်အေးချမ်းရေး၊  တရားဥပဒေစိုးမိုးရေးနှင့်  ပြည်သူများ၏ လုံခြုံရေးအတွက် ၎င်းတို့ (၄) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက် ပုဒ်မများဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခဲ့ခြင်းဖြစ်သည်။

 


နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေးပြဋ္ဌာန်းချက်များနှင့်  သဘောတူညီချက်များတွင်လည်း မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို    မည်သည့်အခြေအနေ၊   မည်သည့်အနေအထား၊  မည်သည့် အကြောင်းပြချက်နှင့်မျှ  ကျူးလွန်ခြင်းကို  လက်ခံခြင်းမပြုကြောင်းနှင့်  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန် ပြဋ္ဌာန်းဖော်ပြထားသည်။ 

 


နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများသည် နိုင်ငံအချင်းချင်းဆက်ဆံရာတွင် တစ်နိုင်ငံ၏ အချုပ် အခြာအာဏာကို တစ်နိုင်ငံက လေးစားရေး၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်မှုမပြုရေး၊   နိုင်ငံအချင်းချင်း  တန်းတူညီမျှရှိမှုကို  လေးစားလိုက်နာရေး အခြေခံမူများကို လိုက်နာကျင့်သုံးသွားရမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။

 


ယခုကိစ္စတွင်လည်း မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာ(၃)ရပ် ကို တာဝန်ယူထားသည့်  အစိုးရအနေဖြင့်    တရားစီရင်ရေးအာဏာကို   ဥပဒေနှင့်အညီကျင့်သုံး၍  အကြမ်းဖက်လုပ်ရပ်များနှင့်  ကျူးလွန်မှုများကို ထိရောက်စွာ  တားဆီးကာကွယ်ရန်  ပြစ်ဒဏ်ချမှတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်အပေါ် ဝေဖန်ပြစ်တင်မှုများသည် မြန်မာနိုင်ငံ၏   ပြည်တွင်းရေးကို    စွက်ဖက်ရာရောက်ပြီး  အကြမ်းဖက်လုပ်ရပ်များကို  သွယ်ဝိုက်ပြီး  အားပေးရာရောက်စေသည်ကို သတိပြုရန်ဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် သေဆုံး၊ ဒဏ်ရာ ရခဲ့ကြသည့် အပြစ်မဲ့ပြည်သူများနှင့် ပညာရေး၊ ကျန်းမာရေး၊  စီးပွားရေး အခြေခံအဆောက်အဦများ  ပျက်စီးဆုံးရှုံးခဲ့ရခြင်းများကို လျစ်လျူရှုပြီး ယခုကဲ့သို့ တစ်ဖက်သတ်ထုတ်ပြန်ခဲ့သည့် ကြေညာချက်များကို ကန့်ကွက်ပယ်ချလိုက်ကြောင်း ဖော်ပြအပ်သည်။
 
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ   ၂၆  ရက်