မြန်မာ့ထောပတ်သီးများကို ပြည်ပသို့ တင်ပို့ လျက်ရှိရာ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂၃၀၀ ကျော် (တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၀ ဒသမ ၅၅၆ သန်းခန့်) တင်ပို့နိုင်ခဲ့ ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံ၌ ထောပတ်သီးများကို ရှမ်း ပြည်နယ်တောင်ပိုင်းဒေသများနှင့် မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တို့တွင် ရှေးယခင်ကတည်းက အိမ်ခြံဝင်းများအတွင်း စိုက်ပျိုးကြပြီး ၂၀၁၈ ခုနှစ်မှစတင်၍ အမေရိ ကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ အရည်အသွေးကောင်းမျိုး ခြောက်မျိုးခန့်ကို မျိုးကိုင်းများတင်သွင်း၍ မြန်မာနိုင်ငံ ထောပတ်အသင်းမှဦးဆောင်ကာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီများဖြင့် ကိုင်းဆက်ပင်များကို ဧကအလိုက်စိုက်ပျိုးလာ ကြသည်။ ၎င်းမျိုးများမှ ကမ္ဘာ့ဈေးကွက် ဝယ် လိုအားအရှိဆုံး HASS မျိုးများကို အဓိက စိုက်ပျိုးလာကြကြောင်း ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
၂၀၂၁ ခုနှစ်တွင် ကိုင်းဆက်ပင်များမှ ထောပတ်သီးများစတင်ထွက်ရှိပြီး ကိုဗစ် -၁၉ ကပ်ရောဂါအခြေအနေကြောင့် ဈေးကွက် ကျဉ်းမြောင်းခဲ့သည်။ ပြည်တွင်းဈေးကွက် အတွင်း အွန်လိုင်းမှတစ်ဆင့် ဖြန့်ဖြူး ရောင်းချခြင်း၊ ဈေးဝယ်စင်တာများတွင် ရောင်းချခြင်းမှစတင်၍ ထောပတ်သီးများ လူကြိုက်များလာခဲ့ပြီး ပြည်တွင်းဈေးကွက် ၌ အောင်မြင်မှုရရှိခဲ့သည်ကို မြင်တွေ့ရသည်။ ထို့ပြင် ထိုင်းနိုင်ငံသို့လည်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်ပို့ ခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။
ဈေးနှုန်းအနေဖြင့် ပြီးခဲ့သည့်နှစ် HASS နှင့် အခြားကိုင်းဆက်သီးများကို အရွယ်အစား နှင့်အရည်အသွေးပေါ်မူတည်၍ တစ်ကီလို လျှင် ငွေကျပ် ၄၀၀၀ မှ ၆၅၀၀ ခန့်ဖြင့် ပြည်တွင်းဈေးကွက်များသို့ ရောင်းချပြီး ဒေသသီးများကို တာချီလိတ်ပွဲရုံများမှ တစ် ကီလိုလျှင် ငွေကျပ် ၁၇၀၀ မှ ၂၅၀၀ ခန့်ဖြင့် ဝယ်ယူပြီး ထိုင်းနိုင်ငံသို့ တင်ပို့ကြောင်း ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနမှ သိရသည်။
ယခု ၂၀၂၂ ခုနှစ် ထောပတ်ရာသီတွင် အောက်တိုဘာလနောက်ပိုင်း အရည်အသွေး ကောင်းမွန်သည့် ကိုင်းဆက်သီးများ ပိုမို ထွက်ရှိလာမည်ဖြစ်သည့်အတွက် ပြည်တွင်း၌ ပိုလျှံလာမည်ဖြစ်ပြီး ပြည်ပဈေးကွက်များ ပိုမိုရရှိရေးနှင့် တင်ပို့နိုင်ရန်စတင်ပြင်ဆင်နေကြောင်း၊ ထိုင်းနိုင်ငံမှ Thaifex ကုန်စည်ပြပွဲ၊ အာရှတိုက်၏ ဒုတိယအကြီးဆုံး Online Platform ဖြစ်သည့် ec.plaza.net တွင် ပါဝင် ပြသခြင်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ အစား အသောက်နှင့် အဖျော်ယမကာ ကုန်စည်ပြပွဲ မှလည်း လာရောက်ပြသရန် ကမ်းလှမ်းထားကြောင်း သိရသည်။
ထောပတ်သီး အရည်အသွေးကောင်းများ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဥရောပဈေးကွက်များ သို့ တင်ပို့နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့များ ၏ အကူအညီဖြင့် အသင်းဝင်ခြံ ၃၀ ကျော်ခန့် မှာ Global GAP လက်မှတ်ရရှိထားကြောင်း၊ ဈေးကွက်ချိတ်ဆက်နိုင်ရန် ARISE Plus စီမံကိန်းမှ ကုန်သွယ်မှုနှင့် ဈေးကွက်ချိတ် ဆက် ကျွမ်းကျင်ပညာရှင်က ကူညီဆောင်ရွက် ပေးလျက်ရှိပြီး အဓိကပြည်ပတင်ပို့မှုအနေဖြင့် ထိုင်း၊ စင်ကာပူနှင့် နယ်သာလန်နိုင်ငံတို့ကို တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ထောပတ်စိုက်ပျိုးသူများက ပြောကြားသည်။
၎င်းနိုင်ငံများအနက် ထိုင်းနိုင်ငံသို့ တင်ပို့ မှုမှာ ငွေကြေးမူဝါဒပြောင်းလဲခြင်းကြောင့် ကုန်သွယ်မှု လွယ်ကူလာခြင်း၊ တင်ပို့မှု အတွက် ကုန်ကျစရိတ် သက်သာခြင်းတို့ ကြောင့် ယခင်ဒေသသီးများ တင်ပို့ခြင်းအပြင် အရည်အသွေးကောင်း ကိုင်းဆက်သီးများ ကိုလည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ထောပတ်သီး စားသုံးမှုမြင့်တက်လာသည့်အပြင် ဈေးကွက် လည်း ကြီးမားခြင်းကြောင့် တရားဝင် တင်ပို့ ခွင့်ရရှိရန် General Administration of Customs of People’s Republic of China (GACC)၌ မှတ်ပုံတင် ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးစေ လိုကြောင်း ထောပတ်စိုက်တောင်သူများက မျှော်လင့်နေကြသည်။
ကိုရိုး
သတင်းရင်းမြစ်- ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန



