ဘားအံ ဩဂုတ် ၂၇
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံမြို့) တွင် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်သော ပြင်ပလူနာနှင့် အရေးပေါ်လူနာ ဌာန နှစ်ထပ်တိုးချဲ့ဆောင်သစ် ဖွင့်ပွဲကို ဩဂုတ် ၂၇ ရက် နံနက် ၈ နာရီက အဆိုပါဆေးရုံကြီး တိုးချဲ့ ဆောင်သစ်ရှေ့၌ ကျင်းပသည်။
ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာနှင့် အရေးပေါ် လူနာဌာန နှစ်ထပ်တိုးချဲ့ဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၁၄၀ ဖြင့်လည်းကောင်း၊ တိုးချဲ့ပြင်ပ လူနာဆောင်သစ်ရှေ့ပင်မဂိတ်တံခါး တိုးချဲ့ခြင်းနှင့် ခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၉၈ သိန်းဖြင့်လည်းကောင်း ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တည်ဆောက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်း ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးဆိုင်ရာကဏ္ဍများတွင် လိုအပ်သော ကူညီပံ့ပိုးမှုများကို မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်း သားပြည်သူအားလုံး၏ ကျန်းမာရေး၊ ကုသရေးကိစ္စ ရပ်များကို ယခင်ကထက်ပိုမိုပြီး ဝန်ဆောင်မှုနှင့် ကုသမှုပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်က ပြင်ပလူနာနှင့်အရေးပေါ် လူနာဌာန နှစ်ထပ်တိုးချဲ့ဆောင်သစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက အဆောက်အအုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ဆေးရုံအုပ်ကြီးထံ လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဆိုပါပြင်ပလူနာနှင့် အရေးပေါ်လူနာဌာန နှစ်ထပ်တိုးချဲ့ဆောင်သစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြင်ပလူနာနှင့် အရေးပေါ်လူနာဌာန နှစ်ထပ်တိုးချဲ့ဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သည် ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံဖြစ်ပြီး ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေကျပ်သိန်း ၁၆၄၀ ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်သူ့ဆေးရုံကြီးဆိုင်းဘုတ် တည်ဆောက်ခြင်းလုပ်ငန်း၊ သံဃာဆေးရုံ နှစ်ထပ်ဆောင်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်သူ့ဆေးရုံကြီး လေးခန်းတွဲ သန့်စင်ခန်း ဆောက်လုပ်ခြင်းလုပ်ငန်း၊ တိုးချဲ့နားနေ ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ သံဃာဆေးရုံ နှစ်ထပ်ဆောင် မျက်နှာကြက်တပ်ဆင်ခြင်းလုပ်ငန်း၊ ခွဲစိတ်လေးထပ်ဆောင် ဘေးကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ တိုးချဲ့ပြင်ပလူနာ ဆောင်သစ်ရှေ့ ပင်မဂိတ် တံခါးတိုးချဲ့ခြင်းနှင့် ခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်း၊ ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန နှစ်ထပ်တိုးချဲ့ ဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ မြှင့်တင်နိုင်ရေး အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)