ပြည် ဇွန် ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ယမန်နေ့နံနက် ၁၀ နာရီက ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (Shanti Volunteer Association-SVA)မှ စာအုပ်များ လာရောက်လှူဒါန်းသည်။
စာအုပ်များလှူဒါန်းရာတွင် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA)မှ ဦးသော်တာစိုးနှင့်အဖွဲ့က ဂျပန်နိုင်ငံမှ မှတ်ပုံတင်ထုတ်ဝေထားသည့် (မြန်မာဘာသာပြန်) ကလေးဖတ် ရုပ်ပြပုံပြင်စာအုပ် ၁၂ မျိုးပါ အုပ် ၆၀ နှင့် စက္ကူပြဇာတ်(တစ်စုံ) တို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ခရိုင်ပြန်/ဆက် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးနှင့် ဦးစီးအရာရှိ ဦးအောင်ကိုသန့်တို့ထံ ပေးအပ်လှူဒါန်းရာ လှူဒါန်းမှုအတွက် ခရိုင် ပြန်/ဆက်ဦးစီးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်း မြို့နယ်များဖြစ်သော ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်းမြို့နယ်ရုံး ကလေးစာဖတ်ခန်းများအတွက်လည်း စာအုပ်များ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)



