
နေအိမ်အခြေပြုသင်ယူရန် KG+12 သင်ရိုးညွှန်းတမ်းများကို ဒစ်ဂျစ်တယ်သင်ခန်းစာများအဖြစ် ပြုစုပေးလျက်ရှိ
နေပြည်တော် ဇန်နဝါရီ ၂၉
ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Education and TVET Sector Coo-rdination Group-ETVSCG) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ (ယာပုံ)
အကောင်အထည်ဖော် ဆောင်ရွက်မည်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ကူညီပံ့ပိုးမှုဖြင့် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ကာလအတွင်း ရေးသားပြုစုလျက်ရှိပါကြောင်း၊ NESP 2 နောက်ဆုံးမူကြမ်းအပေါ် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အကြံဉာဏ်များ၊ သုံးသပ်ချက်များကို ရရှိရန်အတွက် လွန်ခဲ့ သည့်ရက်သတ္တပတ်က ပေးပို့ထားပါကြောင်း၊ အမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ညှိနှိုင်း ဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ပညာရေးကဏ္ဍဆိုင်ရာ Stakeholder ၁၄၂၈၂ ဦးနှင့် ဆွေးနွေးညှိနှိုင်းပွဲ ၂၆ ကြိမ်ကို ရက်ပေါင်း ၃၀ ကြာ အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲများတွင် NESP 2 နှင့် ပတ်သက်၍ ဆွေးနွေးသူ ၂၆၉ ဦးနှင့် အထွေထွေဆွေးနွေးသူ ၄၆၂ ဦး စုစုပေါင်း ၇၃၁ ဦးတို့က ဆွေးနွေးခဲ့ကြပါကြောင်း၊ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုစုထားသည့် NESP 2 အကျဉ်းချုပ် စာအုပ်ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြရန် စီစဉ်ထားပါကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် အခြေခံ ပညာကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနှင့် စီမံခန့်ခွဲ မှု၊ စွမ်းဆောင်ရည်မြှင့်တင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အရည်အသွေးအာမခံမှုကဏ္ဍ ၄ ရပ်အတွက် Component Summaries၊ လုပ်ငန်းများနှင့် ရည်မှန်းချက်ပန်းတိုင်များကို ထည့်သွင်း ရေးဆွဲမည်ဖြစ်ပါကြောင်း၊ NESP ပထမနှစ် အတွက် ဌာနအလိုက်ဘတ်ဂျက်ကို လျာထားမည်ဖြစ်ပြီး UNESCO က ပံ့ပိုးသည့် တွက်ချက်မှုပုံစံဖြင့် လာမည့် လေး နှစ်အတွက် ကုန်ကျစရိတ်ကို တွက်ချက်မည် ဖြစ်ပါကြောင်း၊ NESP 2 ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် မူကြမ်းရေးဆွဲခြင်းနှင့် အချောသပ် ခြင်းတို့ကို ၂၀၂၁ ခုနှစ်အတွင်း လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ NESP 2 အကျဉ်းချုပ်အား ပြန်လည်သုံးသပ်ရန်၊ ပြုပြင် မွမ်းမံရန်နှင့် အချောသပ်ရေးဆွဲနိုင်ရန်အတွက် မိတ်ဖက် ဝန်ကြီးဌာနများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပံ့ပိုးကူညီမှုကို ကြိုဆိုပါကြောင်း။
အွန်လိုင်းမှတစ်ဆင့် ပို့ချလျက်ရှိ
ပညာရေးဝန်ကြီးဌာန၏ လက်ရှိအောင်မြင်မှုလုပ်ငန်း အချို့ကို တင်ပြရလျှင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရ ကိုယ်စားလှယ်၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသည့် ပညာရေးစီမံကိန်း မူကြမ်းအပေါ် အွန်လိုင်းမှ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ ပါကြောင်း၊ ကျောင်းများအဆင်သင့်ဖြစ်နိုင်ရေး ကြိုတင် ပြင်ဆင်မှုအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ပြန်လည်အကဲဖြတ်ဆန်းစစ် မှုပုံစံ (Checklist) ပါအချက် ၈၀ နှင့်အညီ အခြေခံပညာ ကျောင်းများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ကျောင်းများနှင့် တက္ကသိုလ်များကို ဖြည့်ဆည်းလျက်ရှိ ပါကြောင်း၊ ပုဂ္ဂလိကကျောင်းပိုင်ရှင်များနှင့် ကျောင်းအုပ် များကို ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းစီမံခန့်ခွဲမှုအွန်လိုင်းသင်တန်း ပို့ချခဲ့ပါကြောင်း၊ တက္ကသိုလ် များက မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဂုဏ်ထူးတန်းနှင့် ဒီပလိုမာ သင်တန်းအချို့ကို အွန်လိုင်းမှတစ်ဆင့် ပို့ချလျက်ရှိပါ ကြောင်း၊ နေအိမ်အခြေပြုသင်ယူမှုအတွက် ပညာရေးရုပ်မြင် သံကြားအစီအစဉ်မှ ရုပ်မြင်သံကြားသင်ခန်းစာများကို တစ်နေ့လျှင် ရှစ်နာရီ ပို့ချပေးလျက်ရှိပါကြောင်း၊ MRTV ရုပ်သံလိုင်းနှင့် FM Radio တို့မှလည်း ကျောင်းသင်ခန်းစာများ ပို့ချပေးလျက်ရှိပါကြောင်း၊ မြန်မာဒစ်ဂျစ်တယ်ပညာရေး ပလက်ဖောင်းမှတစ်ဆင့် နည်းပညာ၊ သက်မွေးပညာ ဘာသာရပ် ၁၀ ခုနှင့် အွန်လိုင်းဘာသာရပ် ၄၁ ခုကို မည်သူမဆို မှတ်ပုံတင်စရာမလိုဘဲ အင်တာနက် အခမဲ့ဖြင့် သုံးစွဲနိုင်ပါကြောင်း၊ လွန်ခဲ့သည့် သုံးလခန့်က သင်တန်းသား ၂၀၀၀ ကျော်ကို LMS, Digitization နှင့် Video Editing သင်တန်း ပို့ချပေးနိုင်ခဲ့ပါကြောင်း။
ပူးပေါင်း ဆောင်ရွက်လျက်ရှိ
ပညာရေးဝန်ကြီးဌာနက မြန်မာဒစ်ဂျစ်တယ်ပညာရေး ပလက်ဖောင်းမှတစ်ဆင့် အခြေခံပညာ သင်ယူပြီးမြောက်မှု လက်မှတ်ရရှိသူများအတွက် အိုင်စီတီ၊ အင်္ဂလိပ်စာ၊ လက်သန့်စင်ခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ ခရီးသွား လုပ်ငန်းအစရှိသည့် ဘာသာရပ်များကို အွန်လိုင်းမှ ပို့ချ ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း သင်တန်းသား ၁၂၀၀၀ အတွက် Online ဖြင့် ကိုယ်တိုင်လေ့လာသင်ယူနိုင်သော သင်ခန်းစာ များကို သင်ယူနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ပညာရေး ဒီဂရီကောလိပ်များအတွက် စဉ်ဆက်မပြတ်စွမ်းဆောင်ရည် မြင့်မားရေးနှင့် သင်ယူမှုစီမံခန့်ခွဲရေးစနစ်သင်ခန်းစာများအတွက် TOT သင်တန်းများကို ပညာရေးနှင့် အင်္ဂလိပ်စာ တွင် ရလဒ်ကောင်းများ ရရှိရေးအစီအစဉ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ GTI, GTC, GTHS နှင့် နည်းပညာနှင့် သက်မွေးပညာသင်ကျောင်းများမှ ကျောင်း သား၊ ကျောင်းသူများ မိမိကိုယ်တိုင် သင်ယူလေ့လာနိုင်ရန် အွန်လိုင်းသင်တန်းများ စီစဉ်ပေးလျက်ရှိပါကြောင်း၊ လာမည့် ပညာသင်နှစ်၌ ဝေးလံခေါင်ဖျားဒေသများနှင့် ဖွံ့ဖြိုးမှုအားနည်းသော ဒေသများမှ ကျောင်း ၅၀၀၀ ကို EU နှင့် DFAT, My-EQIP မှထောက်ပံ့သည့် DBE Boxes ၅၀၀၀ ၊ DBE Sticks ၈၀၀၀ ထောက်ပံ့ပေးရန် လျာထားပါ ကြောင်း၊ နေအိမ်အခြေပြု လေ့လာသင်ယူရန်အတွက် KG+12 သင်ရိုးညွှန်းတမ်းများကို ဒစ်ဂျစ်တယ်သင်ခန်းစာများ အဖြစ် အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနများက Equipping Youth for Employment – EYE Project နှင့် ပူးပေါင်းပြုစုပေးလျက်ရှိပါကြောင်း၊ ယခုအဖွဲ့ကို လာမည့် အစည်း အဝေးမှစတင်၍ ပညာရေးနှင့် တီထွင်ဆန်းသစ်မှု မဟာ ဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဟု အမည်ပြောင်းလဲမည်ကို အသိပေးလိုပါကြောင်းနှင့် အရည်အသွေးရှိသည့် ပညာရေး ရရှိရန်အတွက် အတူတကွ လက်တွဲဆောင်ရွက်သွားကြ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ညှိနှိုင်းဆွေးနွေးအကြံပြု
ထို့နောက် UNESCO Myanmar ၏ Head of Office ဖြစ်သူ Ms. Min Jeong Kim က ပညာရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်နေမှု အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က Update on Summary of National Education Strategic Plan (2021-2030) ကိုလည်းကောင်း၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက Update on Readiness of Schools, TVET Institutions and Universities ကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း ဆွေးနွေးအကြံပြုကြသည်။ ထို့နောက် ဖင်လန်နိုင်ငံ သံအမတ်ကြီးနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်