
ရန်ကုန် အောက်တိုဘာ ၁၂
ရုပ်ရှင်အနုပညာ လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးနှင့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာ လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူပေါင်းဆောင်ရွက် လျက်ရှိသည့် ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့အချိန်တွင် ရုပ်ရှင်အနုပညာ လောက၏ အခြေအနေသည် ပုံမှန်အခြေအနေနီးပါးသို့ ရောက်ရှိ လာပြီဟု ပြောနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် တုံ့ဆိုင်း ရပ်ဆိုင်းသွားခဲ့သည့် ရုပ်ရှင် လုပ်ငန်းများ ယခုကဲ့သို့ ပုံမှန် လည်ပတ်နိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ရ ပါကြောင်း။
ယခုအခါ ရိုက်ကူးပြီးဇာတ်ကား များ ရုံတင်ပြသနိုင်ရေးအတွက် ဖြစ်ပေါ်နေသည့် အခက်အခဲများ နှင့် ကျော်လွှားဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေ ရှာပေးကြရမည် ဖြစ်ပါကြောင်း၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်များ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားများကို နိုင်ငံ တော်ကဦးစီး၍ ကျင်းပဆောင် ရွက်ပေးခဲ့ပြီး ယင်းအခမ်းအနား နှင့်ပတ်သက်၍ ပြည်သူများထံမှ ကောင်းမွန်သည့် သဘောထား တုံ့ပြန်ချက်များ ရရှိခဲ့သည့် အတွက် ဝမ်းမြောက်ဂုဏ်ယူစရာ အခမ်းအနားကြီး တစ်ခုပင်ဖြစ် ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေဖြင့် မည်သို့စီမံ ဆောင်ရွက်သွားမည်ကို ယခု အစည်းအဝေး၌ ဆွေးနွေးပေးစေ လိုပါကြောင်း။
ထို့ပြင် နိုင်ငံတကာမှ ဖိတ်ခေါ် သည့် ရုပ်ရှင်ပွဲတော်များတွင် မြန်မာ့ရုပ်ရှင်ဇာတ်ကားများ ပြသ နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင် ရွက်ပေးရန် လိုအပ်သကဲ့သို့ အရည်အသွေးရှိသည့် ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးထုတ်လုပ် နိုင်ရေးအတွက်လည်း ကူညီပေး စေလိုပါကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည် စိုးထွန်းနှင့် အစည်းအဝေးသို့ တက်ရောက် လာကြသူများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်မည့်အစီအစဉ် များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်