ပြင်ဦးလွင်မြို့ သာယာလှပရေးနှင့် ကန်တော်ကြီးအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မန္တလေး   အောက်တိုဘာ   ၂၆


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည်    တိုင်းဒေသကြီး   ဝန်ကြီးများနှင့်အတူ  ယမန်နေ့     နံနက်ပိုင်းတွင်     ပြင်ဦးလွင်မြို့နယ်    မြန်မာနိုင်ငံ သစ်တောသင်တန်းကျောင်း  ကျွန်းရတနာခန်းမ၌       ပြင်ဦးလွင်မြို့နယ်အတွင်းရှိ         ကော်ဖီခြံများ   ကွင်းဆင်းစစ်ဆေးရေးကော်မတီမှ  တာဝန်ရှိသူများ နှင့်တွေ့ဆုံရာ  တာဝန်ရှိသူများက  ကော်ဖီလုပ်ကွက် ချထားပေးခြင်းများအပေါ်  ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ၊  လုပ်ငန်းဆောင်ရွက်နေမှုများ၊ ကော်ဖီပင် များနှင့် အရိပ်ရပင်များ စိုက်ပျိုးပြီးစီးမှုနှင့် မျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် များနှင့်ပတ်သက်၍          ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်က  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ကြည့်ရှု


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်တော်ကြီးဥယျာဉ်အတွင်းသို့    ရေစီး ရေလာ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေသော  ရေဝင်မြောင်းများ ပြုပြင်ဆောင်ရွက်နေမှု၊   ပိတ်ဆို့ နေသော ရေမြောင်းများအား မီးသတ်ရေယာဉ်များ အသုံးပြု၍ ရေအားဖြင့် မြေသားနှင့်  အမှိုက်များ ဖယ်ရှားရှင်းလင်း  ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး  လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် စန္ဒာလမ်းနှင့် ဧည့်ဂေဟာလမ်းဆုံမှ အစိုးရဧည့်ဂေဟာအထိ  လမ်းချဲ့ခြင်းနှင့် အဆင့်မြှင့် နိုင်လွန်ကတ္တရာခင်းရန်          ဆောင်ရွက်နေမှု၊ လမ်းဟောင်းဘေးဝဲ/ယာ ချယ်ရီ၊  စိန်ပန်းနှင့်  ငုစပ်  ပင်များ စိုက်ပျိုးပြီးစီးမှုနှင့် ဆက်လက်စိုက်ပျိုးသွားရန် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုသည်။


ဆွေးနွေး


တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင်  ဗဟိုဝန်ထမ်းတက္ကသိုလ်    (အထက် မြန်မာပြည်)ရှိ ပါမောက္ခချုပ်၊  ဒုတိယပါမောက္ခချုပ် များ၊ ဌာနကြီးမှူးများနှင့်တွေ့ဆုံပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  ဝန်ထမ်းများ  စွမ်းရည်တိုးတက်မြင့်မားရေးဆိုင်ရာ သင်တန်းများ၊  မွမ်းမံသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို  တာဝန်ယူကျင်းပရေးတို့နှင့်စပ်လျဉ်း၍    ဆွေးနွေး ခဲ့သည်။ 
ဆက်လက်၍   သင်တန်းသားအဆောင်များနှင့်    စားချက်ဆောင်တို့အား     လိုက်လံကြည့်ရှုပြီး သင်တန်းသားများအား   ရင်းရင်းနှီးနှီးနှုတ်ဆက်  ခဲ့ကြောင်း သိရသည်။  

                      သတင်းစဉ်