နေပြည်တော် စက်တင်ဘာ ၆
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အတွင်းရှိ ပင်းပက်နှင့် နောင်ကား ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းခွင်နှင့် နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း အခြေအနေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ ယနေ့ သွားရောက်ကြည့်ရှု စစ်ဆေး ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည် ထောင်စုဝန်ကြီးက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ကလော ဘူတာ၏ အစဉ်အလာကို ဆက်လက်စောင့်ထိန်းရေး၊ ဘူတာ အဆောက်အအုံနှင့် ယာဒ်ဝင်း အား သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာအား ရှေးမူမပျက် မွမ်းမံ ပြင်ဆင်ထိန်းသိမ်းထားရှိရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ နှင့် ဆက်သွယ်ပူးပေါင်းဆောင် ရွက်ရေး ကိစ္စရပ်များကို မှာကြား သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် ရှေးဟောင်းရေနွေးငွေ့ စက်ခေါင်းနှင့် ချိတ်ဆက်ထား သည့်တွဲ ပြသထားမှုအခြေအနေ ကိုလည်းကောင်း၊ ပင်းပက်ဒေသရှိ သံမဏိထုတ်လုပ်ရေးစက်ရုံနှင့် ချိတ်ဆက်မည့် ရထားလမ်း တည်ဆောက်ရန် လျာထားနေရာ နှင့် ပင်းပက်ဘူတာ တည်ဆောက် မည့် နေရာတို့ကိုလည်းကောင်း၊ ပင်းပက်-နောင်ကား ရထားလမ်း သစ် ဖောက်လုပ်မည့် လမ်းအူ ကြောင်းတစ်လျှောက် စီမံကိန်းလုပ်ငန်းခွင်နေရာများသို့လည်းကောင်း၊ နောင်ကားလမ်းဆုံမှ အထူးရထားစီးနင်း၍ ရထား လမ်းပိုင်း၏ ကြံ့ခိုင်မှုအခြေအနေ ကိုလည်း ကောင်း၊ ဘူတာများ၏ သန့်ရှင်းသပ်ရပ်မှု၊ ကားနှင့် ရထား လမ်းကူး(Level Crossing) များ၌ မော်တော်ယာဉ်များ စနစ်တကျ ဖြတ်သန်းသွားလာမှု အခြေအနေ များကိုလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တောင်ကြီး ဘူတာ၌ တာဝန်ရှိသူများ၊ ဘူတာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဘူတာသန့်ရှင်း သပ်ရပ်စေရေး၊ စက်ခေါင်းနှင့်တွဲများ လုံခြုံမှု ရှိစေရေး၊ ရထားများ အချိန် မှန်ကန်စေရေး၊ ရထားစီးခရီး သည်များ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေး၊ ကောင်းမွန် သော ဝန်ဆောင်မှုများပေးနိုင်ရေး ကိစ္စရပ်များကို မှာကြားကြောင်း သိရသည်။
သတင်းစဉ်



