ပွင့်လင်းရာသီ မီးဘေးအန္တရာယ်သတိရှိကြစေချင်

Type

တင်ထက်ထက်ဇော်

=============

 

နွေ၊  မိုး၊  ဆောင်း  ချိန်ခါမရွေး၊     နေရာမရွေး လောင်တတ်သည့်   မီးဘေးအန္တရာယ်ကို    လူတိုင်း ဂရုပြုသင့်ပါသည်။   မီးဆိုသည်မှာ  သုံးတတ်လျှင် လူသားတို့အတွက် အကျိုးရှိဖြစ်ထွန်းစေသော်လည်း စည်းစနစ်တကျမသုံးတတ်ပါက ဘေးဒုက္ခအန္တရာယ် ပေးနိုင်သောရန်သူအသွင်    ရောက်ရှိသွားခြင်းကို မီးလောင်မှုများကနေ  မျက်ဝါးထင်ထင်မြင်တွေ့နေ ကြရပြီးဖြစ်သည်။ ထို့ကြောင့် ရန်သူမျိုးငါးပါးထဲတွင် တစ်ပါးပါသော  မီးဘေးအန္တရာယ်ကို   အိမ်ထောင် တစ်စုမှသည်   ပြည်သူလူထုတစ်ရပ်လုံး   စုပေါင်း ကြိုတင် ကာကွယ်ထားသင့်ပါသည်။ 
မီးလောင်ခြင်းဆိုသည်မှာ     အပူနှင့် အလင်း ထွက်ပေါ်လာသည့် ဓာတ်ပြုမှုဖြစ်သည်။ မီးလောင်မှု ဖြစ်ပွားနိုင်သော အခြေခံအချက်သုံးချက်ဖြစ်သည့် လောင်စာ၊ အောက်ဆီဂျင်နှင့် အပူရှိန်တို့အနက်မှ တစ်ခုခုကိုဖယ်ရှားလိုက်လျှင်  မီးလောင်မှုရပ်ဆိုင်း သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့အပြား နှစ်စဉ် မီးလောင်မှုဖြစ်ပွားလေ့ရှိပြီး  (က) မြန်မြန်ဆန်ဆန် မီးငြှိမ်းသတ်နိုင်မှု၊     (ခ) အဆောက်အအုံများ၏ မီးလောင်နိုင်မှုအခြေအနေ၊   (ဂ) မီးလောင်သည့် နေရာ၊ (ဃ) လူနေအိမ်အစိပ်အကျဲ  စသည့် အခြေ အနေပေါ်မူတည်၍ ဆုံးရှုံးမှုမှာလည်း အနည်းအများ ရှိတတ်ပါသည်။ 
မီးနှင့်ရေ
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အင်း၊ အိုင်များတွင် ရာသီဥတု ပူပြင်းခြောက်သွေ့လာပါ က  ရေခန်းခြောက်စေမည်။    ရာသီဥတုကြောင့် အလွယ်တကူ  မီးလောင်နိုင်သည်။    ရေမရှိလျှင် မီးငြှိမ်းသတ်ရန် မစွမ်းနိုင်ပေ။   ထို့ကြောင့် ရေကို စနစ်တကျ       ချွေတာသုံးစွဲတတ်ဖို့လိုပါသည်။ အလဟဿဖြုန်းတီးမပစ်သင့်ပေ။
မီးဘေးအန္တရာယ်
မီးလောင်ရသည့်အကြောင်းများမှာ ပေါ့ဆမီး ကြောင့်အများဆုံးဖြစ်ပြီး မီးဖိုမီး၊ အလိုအလျောက် လောင်သည့်မီး၊ လျှပ်စစ်မီး၊ တောမီး၊ မသမာသူ ရှို့မီး စသည်တို့ကြောင့် မီးလောင်မှုဖြစ်ပွားရသည်။
မီးဖိုမီး     စတင်ဖြစ်ပွားရသည့်        အချက်များ မှာ -
•    မီးဖိုတွင် မီးကြွင်းမီးကျန်ရှိခြင်း၊
•    မီးဖိုမီးကို လိုသည်ထက်ပို၍ သုံးစွဲခြင်း၊
•    မီးဖိုအသုံးပြုစဉ် အစောင့်မရှိခြင်း၊
•    ကျပ်ခိုးများသို့ မီးစွဲခြင်း၊
•    ဆီအိုးအပူလွန်ကဲခြင်း၊
•    မီးဖိုနှင့် ထရံအကာနီးကပ်နေခြင်း၊
•    ဓာတ်ဆီ၊ ရေနံဆီနှင့် မီးမွှေးခြင်း၊ 
•    မီးလောင်လွယ်သောပစ္စည်းများ၊ လောင်စာ ဆီများကို မီးဖိုအနီးထားရှိခြင်း၊
•    အသက်အရွယ်ကြီးရင့်သူ၊   မသန်စွမ်းသူ နှင့် ကလေးသူငယ်များက  ချက်ပြုတ် ကြော်လှော်ခြင်း   စသည်တို့ကြောင့်ဖြစ်ပါ သည်။
ပေါ့ဆမီးဆိုသည်မှာ -
•    ကိုင်တွယ်သုံးစွဲသူ၏ သတိမေ့လျော့မှု၊
•    ဆေးလိပ်သောက်ပြီး မငြှိမ်းသတ်ခဲ့ခြင်း၊
•    ဘုရားမီးပူဇော်ပြီး စောင့်မကြည့်ခြင်း၊
•    လူမရှိဘဲ ဖယောင်းတိုင်၊ မီးခွက်ထွန်းထား
    ခြင်း၊  
•    ခြင်ဆေးခွေကို အောက်ခံမပါဘဲ   သုံးစွဲခြင်း၊
•    ကလေးသူငယ်များက မီးခြစ်များ အလွယ်
    တကူ ယူဆော့ခြင်း၊
•    ဈေးဆိုင်ခန်းများ ပိတ်သိမ်းရာတွင် လျှပ်စစ်
    မီးခလုတ်များ ဖွင့်ထားခဲ့မိခြင်း၊
•    လျှပ်စစ်သွယ်တန်း         ဝိုင်ယာကြိုးများ
    ဟောင်းလွန်း၍ ဝိုင်ယာရှော့ခ်ဖြစ်ခြင်း၊
အထက်ဖော်ပြပါ မီးဘေးအန္တရာယ်များအတွက် ဆောင်ရန်အချက်များမှာ -
•    မီးဖိုနံဘေးတွင် လုံလောက်သောအကာအရံ များ ထားရှိရန်။
•    အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ မီးကပ်၊ မီးချိတ်၊ ရေပုံး၊ သဲပုံးများ အသင့်ထားရှိရန်။
•    မီးကင်းစောင့်ခြင်း၊  လှည့်လည်သတိပေး ခြင်းများ စီစဉ်ဆောင်ရွက်ထားရန်။
•    လျှပ်စစ်မီးကြိုး    အပေါက်အပြဲများကို ကျွမ်းကျင်သူများနှင့် ပြင်ဆင်ရန်။
•    ဂက်စ်မီးဖိုအသုံးပြုရာတွင် လေဝင်လေထွက် ကောင်းစေရန်အတွက် ပြတင်းပေါက်များ ဖွင့်ထားရန် စသည်တို့ဖြစ်ကြသည်။
ပူပြင်းခြောက်သွေ့သောနွေရာသီတွင် တောမီး လောင်ခြင်းများလည်း မကြာခဏဖြစ်တတ်ပါသည်။ ထူးခြားဖြစ်စဉ်အဖြစ် လွန်ခဲ့သောလေးနှစ်ခန့်က မြန်မာပြည်တစ်ဝန်း  အလေးထားစရာနေရာကြီး သုံးနေရာတွင် တောမီးလောင်ကျွမ်းခဲ့သည်။ ၎င်းတို့ မှာ ဇွဲကပင်တောင် တောမီး၊ တောင်ကြီးမြို့ တောမီး နှင့် နတ်တလင်းတောင် ကြိုးဝိုင်းတောင်ပေါ်တောမီး တို့ ဖြစ်ကြသည်။ တောမီးလောင်၍ တောတောင် များပြုန်းလျှင် ရာသီဥတုဒဏ်ကို တိုက်ရိုက်ထိခိုက် စေနိုင်ပါသည်။ ထို့ကြောင့် နောင်လာနောက်သား များအတွက်   ယခုအချိန်မှစ၍   လူတစ်ဦးသည် တစ်နှစ်လျှင် အနည်းဆုံး  သစ်ပင်တစ်ပင်စီ ပုံမှန် စိုက်ပျိုးသောအလေ့အထကို ကြိုးစားပြုမူသင့်ပေ သည်။
 မီးလောင်သောအခါ
    မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်သည့် အနေဖြင့် မိမိပယောဂကြောင့် ဖော်ပြပါပေါ့ဆမီး များ မဖြစ်ရအောင် သတိရှိစွာဆင်ခြင်ပါ။ “လူခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင်အပြုတ်နှံ” ဆိုသည့်အတိုင်း အသက်၊ အိုးအိမ်၊ စည်းစိမ် အလုံးစုံ အနိဋ္ဌာရုံဘေး များမှ လွတ်မြောက်ရန်အတွက် မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင် နေ့စဉ်လူနေမှုဘဝကို သတိရှိစွာ ဖြင့် မီးဘေးကို  အလေးထားဆင်ခြင်သုံးတတ်ဖို့ လိုပါသည်။ အကယ်၍ မီးလောင်မှုဖြစ်ပါက-
•    အချက်ပေးခေါင်းလောင်းသံခေါက်ပါ။
•    ထွက်မပြေးပါနှင့်။ ကျိတ်၍မငြှိမ်းပါနှင့်။ ပတ်ဝန်းကျင်သို့အကူအညီတောင်းပါ။
•    မိမိနေအိမ် တိုက်တာအဆောက်အအုံများ တွင်   မီးငြှိမ်းသတ်ဆေးဘူး    အနည်းဆုံး တစ်ဘူးကို အရန်သင့်ထားရှိပါ။ ရုတ်တရက် မီးလောင်မှုဖြစ်ပွားပါက နေအိမ်တွင်အသင့် ရှိသော မီးငြှိမ်းသတ်ဆေးဘူးဖြင့် လက်ဦးမှု ရယူပါ။
•    အိမ်တိုင်းတွင်        မီးသတ်ဆေးဘူးအပြင် မီးချိတ်မီးကပ်၊     ရေအိတ်၊   သဲအိတ်များ ကြိုတင်ဆောင်ထားသင့်ပါသည်။ မီးလောင် သောအခါ  ၎င်းပစ္စည်းများကိုသုံး၍    အမြန် ငြှိမ်းသတ်နိုင်ပေလိမ့်မည်။
•    နီးစပ်ရာ    မီးသတ်စခန်းကို   အမြန်ဆုံး အကြောင်းကြားပါ။ (မိမိနေထိုင်ရာ မြို့နယ် မီးသတ်စခန်း၏ ဖုန်းနံပါတ်များကို နေအိမ် အတွင်း အလွယ်တကူ  မြင်သာထင်သာရှိ မည့်နေရာတွင် ရေးမှတ်ထားပါ)
•    မီးသတ်ကားများ    ဝင်လမ်း၊ ထွက်လမ်း၊ ပိတ်ဆို့မှုမရှိစေရေး ကူညီပါ။
•    လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်လျှင် ပင်မခလုတ် ကိုပိတ်ပြီး     ခြောက်သွေ့သောအဝတ်ဖြင့် ရိုက်ပုတ်ငြှိမ်းသတ်ပါ။
မီးလောင်မှုဖြစ်၍    မီးခိုးအန္တရာယ်ကြုံတွေ့ရ လျှင် -
•    စိတ်ကိုတည်ငြိမ်စွာထိန်း၍      ကြမ်းပြင် ပေါ်သို့မှောက်ချပါ။
•    မိသားစုဝင်အားလုံးသိရှိနိုင်အောင် အော်ဟစ် ၍ အကြောင်းကြားပါ။
•    တံခါးပေါက်ရှိရာသို့    လေးဖက်ထောက် (သို့မဟုတ်) မိချောင်းတက်အနေအထားဖြင့် အမြန်ထွက်ခွာပါ။ မိသားစုအားလုံး အပြင် သို့ရောက်လျှင် တံခါးပြန်ပိတ်ပါ။
•    လွတ်မြောက်နေရာသို့ အမြန်ဆုံးထွက်ခွာ ရင်း ပတ်ဝန်းကျင်မှ သိရှိအောင် အော်ဟစ် အကူအညီတောင်းပါ။
•    မီးသတ်တပ်ဖွဲ့သို့ အမြန်ဆုံးအကြောင်းကြား ပါ။
•    အသက်ရှူကိရိယာမရှိပါက  လက်ကိုင်ပဝါ (သို့မဟုတ်) အဝတ်ကို ရေဆွတ်ပြီး နှာခေါင်း ကို ပိတ်၍စည်းထားပါ။
•    အထပ်မြင့်အဆောက်အအုံပေါ်မှ   မီးဘေး လွတ်မြောက်ရန် ခုန်ချခြင်းမပြုလုပ်ပါနှင့်။
ပူးပေါင်းပါဝင်ရန် သတိပေးနှိုးဆော်ချက်
“အမှိုက်ကစ၊ ပြာသာဒ်မီးလောင်” မဖြစ်ရစေဖို့ အတွက် အောက်ပါအတိုင်း  ပူးပေါင်းပါဝင်   ကူညီ ပေးသင့်ပါသည်။
•    မီးလောင်မှုဖြစ်သောအခါ       သက်ဆိုင်ရာ မြို့နယ်မီးသတ်ဌာနသို့  အမြန်ဆုံးသတင်း ပို့ပါ။
•    မီးလောင်သည့်နေရာသို့ အတိအကျ သတင်း ပို့ပါ။
•    တတ်သိနားလည်သော မီးသတ်ဝန်ထမ်းများ ရောက်မလာသေးသည်အထိ မီးညွန့်ကျိုး သွားအောင်   တတ်စွမ်းသမျှ   ကူညီဖြေရှင်း ပေးပါ။
•    မီးသတ်ကားများ    လွယ်ကူလျင်မြန်စွာ အဝင်၊ အထွက်ပြု၍    မီးငြှိမ်းသတ်နိုင်ရန် အတွက် ပြည်သူအားလုံး အသိစိတ်ဓာတ်ဖြင့် လမ်းရှင်းပေးထားဖို့လိုပါသည်။ 
•    မီးသတ်ယာဉ်/ စက်များ ရောက်ရှိလာလျှင် မီးလောင်မှုနှင့်  အနီးစပ်ဆုံးနေရာသို့ ညွှန်ပြ ပေးပါ။
•    မလိုအပ်ဘဲ     ဝိုင်းအုံလျက်ကြည့်မနေဘဲ ဖယ်ရှားပေးခြင်းဖြင့် ကူညီပါ။
•    မီးမလောင်သေးသည့်   မိမိ၏နေအိမ်များ ရှိရာသို့    မီးသတ်ယာဉ်များကို ညွှန်ပြခြင်း၊ အတင်းအဓမ္မ ခြိမ်းခြောက်ခေါ်ယူခြင်း၊ အတ္တ ဆန်စွာ      အနှောင့်အယှက်ပြုခြင်းများကို ရှောင်ကြဉ်ပါ။
•    မီးသတ်ယာဉ်တစ်စီး၏ ရေဂါလန် ၈၀၀ ပါဝင် မှုသည် အချိန် သုံးမိနစ်မှ ငါးမိနစ်အထိသာ ပက်ဖျန်းနိုင်သည့်အတွက်၊ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းမှာ   ရေငုတ်များ၊    မီးသတ် ရေလှောင်ကန်များ       ထားရှိနိုင်ဖို့လိုပါ
သည်။
m စာမျက်နှာ ၁၀ မှ
    သူနာပြုအရေးပေါ်ကားမလာမီ
မီးလောင်ခံရသူကို ရှေးဦးပြုစုနည်း 
•    မီးခိုးမွှန်ခြင်းအတွက် အကောင်းဆုံးသော ရှေးဦးသူနာပြုနည်းမှာ         ဦးစွာပထမ လေကောင်းလေသန့်    ရရှိသောနေရာသို့ လူနာကိုရွှေ့ပေးပါ။    ပြီးနောက် အဝတ်ကို ရေဆွတ်၍ ရှူပေးခိုင်းပါ။
•    မီးလောင်ထားသောအဝတ်ကို အတင်းဆွဲ မချွတ်ပါနှင့် (ကိုယ်အရေပြားနဲ့ အသားစများ အဝတ်အထည်မှာ   ကပ်ငြိပါသွားစေသဖြင့် နောက်ဆက်တွဲဒဏ်ရာများဖြစ်လာနိုင်သည်)
•    လူနာဝတ်ဆင်ထားသော   အဝတ်အစားများ ပေါ်တွင် မီးစမီးတောက် မမြင်တွေ့သော် ငြား   အတွင်းလှိုက်၍    တဖြည်းဖြည်း လောင်ကျွမ်းနေခြင်း ရှိ၊ မရှိ သေချာစစ်ဆေး ပေးပါ။
•    ပြင်းပြင်းထန်ထန်   လောင်ကျွမ်းနေသော ဒဏ်ရာကို ရေစိမ်/ ရေလောင်းခြင်းမပြုပါနှင့်။ ရုတ်တရက် ရေအေးလောင်းလိုက်သောအခါ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ   တစ်မုဟုတ်ချင်း ကျဆင်းသွားသော    ကိုယ်အပူချိန်နှင့် သွေးဖိအားတို့    ရုတ်တရက်တွန်းကန်မှု ကြောင့်   လူနာကို သတိလစ်မေ့မြောစေတတ် သည်။
•    အသက်ရှူခြင်း၊   ချောင်းဆိုးခြင်း၊    ခန္ဓာ ကိုယ်အစိတ်အပိုင်းတစ်ခုခု   လှုပ်ရှားခြင်း ရှိ၊ မရှိစစ်ဆေးပါ။ အကယ်၍ လုံးဝလှုပ်ရှား မှုမရှိ ငြိမ်သက်နေပါက Cardio Pulmonary Resucitation(CPR) (ခေါ်) နှလုံး၊ အဆုတ် တို့ကို ပြန်လည်အလုပ်လုပ်စေသော ရှေးဦး သူနာပြုနည်းများဖြစ်ကြသည့် ပါးစပ်ချင်း တေ့၍ လေမှုတ်သွင်းပေးနည်း၊ လက်ဝဲဘက် ရင်အုံပေါ်သို့လက်ဖြင့် ဖိလိုက်ကြွလိုက်လုပ် ၍ နှလုံးခုန်စေသောနည်း  စသည်တို့ဖြင့် ပြုစုပေးပါ။
•    သွေးလည်ပတ်မှု  ကောင်းစေရန်အတွက် မီးလောင်ခံရသောဒဏ်ရာကို နှလုံးထက်မြင့် သော ကိုယ်ဟန်အနေအထားဖြင့် အပေါ်သို့ မတင်ပေးထားပါ။
•    မီးလောင်ကျွမ်းခံရသော   ဒဏ်ရာပေါ်တွင် သန့်စင်သောအဝတ်စကို     ရေဆွတ်ပြီး အသာအယာတင်ထားပေးပါ။


အချုပ်အားဖြင့်ဆိုသော် မိမိနေထိုင်ရာ အိမ်ရာ၊ ရပ်ကွက်မှသည် တစ်နိုင်ငံလုံးအတိုင်းအတာအထိ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ပြည်သူတစ်ဦး ချင်းစီက စည်းကမ်းရှိစွာဖြင့် သတိရှိကြမည်ဆိုပါ လျှင် ရန်သူမီးဝါးမျိုခြင်းအန္တရာယ်မှ ကင်းဝေးနိုင် မည်ဖြစ်ပါကြောင်း     အသိပေးနှိုးဆော်လိုက်ရပါ သည်။         ။