ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ပြင်းထန်သော အပူလှိုင်းဖြတ်မှုကြောင့် ၂၅ ဦးသေဆုံးပြီး လူပေါင်းထောင်ချီ ဆေးရုံတင်ထားရ

 

အစ္စလာမ္မာဘတ်   ဇွန်   ၂၆
လွန်ခဲ့သည့်   သုံးရက်အတွင်း    ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိတွင် ပြင်းထန်သော အပူလှိုင်းဖြတ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး အပူလျှပ်မှုကြောင့် ၂၅   ဦးထက်မနည်း   သေဆုံးကာ   အခြားလူပေါင်း ထောင်ချီ ဆေးရုံတင်ထားရကြောင်း ကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် ဒေသတွင်းမီဒီယာများက အင်္ဂါနေ့ တွင် ပြောသည်။ 
ပြင်းထန်သောအပူချိန်ကြောင့်   လူနာအများစုမှာ ရေဓာတ်ခန်းခြောက်လာကြောင်းနှင့် ရှေးဦးသူနာပြုစု မှုခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း ဆရာဝန်များက ပြောသည်။ သို့သော်လည်း နှလုံး ရောဂါ၊ ကင်ဆာကဲ့သို့ ရောဂါအခံရှိသော အချို့လူနာ များက ဆေးရုံ၌ နောက်ထပ်ဆေးဝါးကုသမှုများခံယူ လျက်ရှိကြောင်း ဆေးရုံသတင်းအရင်းအမြစ်များကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ပြောသည်။ 
လွန်ခဲ့သည့် သုံးရက်အတွင်း အမြင့်ဆုံးအပူချိန်မှာ ၄၀  ဒီဂရီဆဲလ်စီးယပ်စ်ကို  ကျော်လွန်ခဲ့ကြောင်း ပါကစ္စတန်မိုးလေဝသဦးစီးဌာနက   ပြောသည်။ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင်  ကရာချိမြို့၌   ပင်လယ်လေ ပြန်လည်     တိုက်ခတ်နိုင်ကြောင်းနှင့်  အပူချိန်မှာ တဖြည်းဖြည်း လျော့ကျသွားဖွယ်ရှိကြောင်း မိုးလေ ဝသဦးစီးဌာနက ခန့်မှန်းထားသည်။
ဆင်ဟွာ