
နေပြည်တော် အောက်တိုဘာ ၂၂
ပိုးသတ်ဆေး မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း လုပ်ငန်းစဉ်များကို စနစ်တကျ ပိုမို ကောင်းမွန်စေရန် ပြောင်းလဲဆောင်ရွက်လျက်ရှိ ကြောင်း ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၄) ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး အတွင်း ရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုဆောင် ရွက်ရမည့် ပိုးသတ်ဆေး မှတ်ပုံတင်လျှောက်လွှာများ နှင့်ပတ်သက်၍တင်ပြရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက လုပ်ငန်းတစ်ခုချင်းအပေါ် သုံးသပ်ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ကို အထောက် အကူပြုနိုင်ရန် တည်ဆဲပိုးသတ်ဆေးဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် နည်းပညာကော်မတီ က ပြုစုတင်ပြလာသည့် သတင်းအချက်အလက်များ၊ စိစစ်သုံးသပ်အကြံပြုချက်ခြင်းများကို အခြေခံ၍ ပိုးသတ်ဆေးဥပဒေ အခန်း (၃) အရ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ပိုးသတ်ဆေး မှတ်ပုံတင်ခွင့်ပြုပေး နိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိ ပစ္စည်းနှင့် စပ်လျဉ်း၍ တင်ပြရန်လိုအပ်သော အထောက်အထား အချက်အလက်များ သတ်မှတ် ပေးခြင်းတို့ကို ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ဆောင်ရွက်လျက်ရှိသကဲ့သို့ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အခြေပြု၍ လူနှင့် ပတ်ဝန်း ကျင်ကို အန္တရာယ်မြင့်မားစွာ ကျရောက်စေသော ပိုးသတ်ဆေးများကို သုံးစွဲရန် ပိတ်ပင်တားဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ်သုံးစွဲ စွန့်ပစ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေရန် လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်ပေးလျက်ရှိသည်။
ထို့အပြင် ပိုးသတ်ဆေး ဥပဒေအခန်း(၅) ပုဒ်မ ၁၇၊ ၁၈ အရ ပိုးသတ်မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ် ဆေး ဖော်စပ်ရောင်းချခွင့်လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည်ထုပ်ပိုးခွင့်လိုင်စင် လျှောက်ထားလာသူများ ကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပိုးသတ်ဆေးဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက် ရှိပြီး ပိုးသတ်ဆေး မှတ်ပုံတင်လျှောက်ထားခြင်းနှင့် လိုင်စင် လျှောက်ထားခြင်းများအတွက် စိုက်ပျိုးရေး သွင်းအားစုများ အွန်လိုင်းမှတ်ပုံတင်ရန် ဖွင့်လှစ် ပေးထားသည့် https://mairs.doa.gov.mm တွင် လွယ်ကူ အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ အစည်းအဝေး များ၌ ပိုးသတ်ဆေး မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေး ဆွေးနွေးစိစစ်ဆောင်ရွက်ခဲ့ရာတွင် (၃၃)ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း ၃၈၈၉ မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီး ယနေ့ အစည်းအဝေးတွင် ပိုးသတ်ဆေးနည်းပညာ ကော်မတီဝင်များမှ စိစစ်ပြီး တင်ပြလာသော ပိုးသတ် ဆေးအမျိုးပေါင်း ၂၄၀ ကို အတည်ပြုပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်