
(၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို Virtual Conferencing ဖြင့် ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၂
(၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Chiefs of Army Multilateral Meeting ) ကို ယနေ့ နံနက်ပိုင်းတွင် Virtual Conferencing ဖြင့် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ မြန်မာနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများမှ စစ်သံမှူးများ၊ သံရုံးတာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဖွင့်အမှာစကားပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး များ ထိခိုက်ခံစားရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူသန်းနှင့်ချီပြီး သေဆုံးခဲ့ရသည့်အပြင် လူသန်း ပေါင်းများစွာ၏ လူမှုစီးပွားဘဝများ ထိခိုက်ခံစားခဲ့ရကြောင်း၊ လုံခြုံရေး ရှုထောင့်မှ ကြည့်မည်ဆိုပါက ကိုဗစ်-၁၉ ကပ်ရောဂါသည် စီးပွားရေး ဆိုင်ရာ လုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေး၊ အသိုက်အဝန်းလုံခြုံရေးနှင့် နိုင်ငံရေးဆိုင်ရာ လုံခြုံရေး စသည့် လူသား လုံခြုံရေး (Human Security) နှင့် ဆိုင်သည့် ကဏ္ဍ ၇ ရပ်လုံးအပေါ် သက်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံ၏ ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် များ၊ အခြေခံအဆောက်အဦများအပေါ် မူတည်ပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ရေး၊ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေး၊ ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ကြရမည်ကို နားလည်ပါကြောင်း၊ ထို့ကြောင့် ယနေ့ အစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံ အလိုက် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက် ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အာဆီယံကြည်းတပ်များ၏ အတွေ့အကြုံ များ၊ ကိုဗစ်-၁၉ အလွန်ကာလ ပြန်လည် ထူထောင်ရေးများတွင် စဉ်းစားဆောင် ရွက်သင့်သည့် နည်းလမ်းများကို လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေးကြမည်ဟု မျှော်လင့် ပါကြောင်း ဦးစွာပြောကြားသည်။
ဦးဆောင်ဆွေးနွေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး တွင် အာဆီယံကြည်းတပ်များ၏ အခန်း ကဏ္ဍ”(The Role of ASEAN Armies In the Process of Rehabilitation After the COVID-19 Pandemic) ခေါင်းစဉ်နှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးရာတွင် အာဆီယံဒေသအပါအဝင် ကမ္ဘာတစ်ဝန်း လုံးတွင် ကိုဗစ်-၁၉ ရောဂါဆိုး ရိုက်ခတ်မှု ဒဏ်ကို ခံစားနေကြရသည်မှာ အချိန် ကာလအားဖြင့် ၂ နှစ်နီးပါးရောက်ရှိလာကြပြီဖြစ်ကြောင်း၊ ရောဂါ ကာကွယ်ဆေး များ ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံး တွင် ထိုးနှံမှုများ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည့် အပြင် မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်သစ်များ ထပ်မံပေါ်ထွက်လာနေသည့် အန္တရာယ်ကို ရင်ဆိုင်နေကြရသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် လူသန်းပေါင်းများစွာ ထိခိုက်ခံစားခဲ့ကြ ရပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာလည်း သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း၊ စီးပွားရေးနှင့်ဆက်စပ်ပြီး လူမှုစီးပွားဘဝ ပြန်လည်နာလန်ထူရေး လုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ကာလတွင် နိုင်ငံများအားလုံး ဦးစားပေးလုပ်ဆောင် ရမည့် အရေးကြီးဆုံး လုပ်ငန်းတစ်ခုဖြစ် လာမည်ဖြစ်ကြောင်း၊ ယခုလိုဆောင်ရွက် ကြရာတွင် နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုများကို ယခင်ထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဘုံအကျိုးစီးပွားအဖြစ် သိမှတ်ခံယူပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားပါက နိုင်ငံအားလုံး အတွက် ပိုမိုထိရောက်ပြီး အကျိုးများ စေမည်ဖြစ်ကြောင်း။
စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ကြရ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသည့် အချက်အလက်များ အရ ယနေ့အချိန်အထိ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါဆိုး ကူးစက်ခံခဲ့ရ သည့် အတည်ပြုလူနာအရေအတွက် ၂၅၂၁၅၃၃၈၃ ဦး၊ သေဆုံးခဲ့ရသည့်အရေ အတွက်မှာ ၅၀၈၈၅၁၃ ဦးဖြစ်ကြောင်း၊ အရှေ့တောင်အာရှဒေသအနေဖြင့် ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ ၁၃၄၉၁၅၇၃ ဦးရှိပြီး သေဆုံးသူဦးရေမှာ ၂၈၂၈၂၉ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံ အားလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် စိန်ခေါ်မှုများနှင့်ရင်ဆိုင် ခဲ့ရပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လည်း ပုံမှန်မဟုတ်သည့် ဖိအားများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ကျရာနေရာက ပါဝင်ကူညီဆောင်ရွက်ပေး ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတသမားများနှင့် တပ်မတော်သား များ၏ ကြိုးပမ်းအားထုတ်မှုများကို အသိ အမှတ်ပြု ချီးကျူးဂုဏ်ပြုရမည်ဖြစ် ကြောင်း။
အာဆီယံနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်တွန်းလှန်ရာ တွင် အစိုးရများအနေဖြင့် စစ်ဘက်အရင်း အမြစ်များနှင့် ၎င်းတို့၏ စွမ်းဆောင်နိုင် ရည်များကို လက်တွေ့အသုံးပြုကြရမည် ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာအရင်း အမြစ်များအနေဖြင့် အရပ်ဘက်ကျန်းမာ ရေးဝန်ထမ်းများကို အထောက်အကူပြု ကူညီဆောင်ရွက်ခြင်း၊ ဝန်ထုပ်ဝန်ပိုး ကြီးမားစွာထမ်းထားရသည့် ဆေးရုံ များတွင် ဝင်ရောက်ကူညီခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် လိုအပ် ပါက စစ်ဘက်အနေဖြင့် အရေးပေါ်ကုသ ရေးဆေးရုံများဖွင့်လှစ်ခြင်း သို့မဟုတ် စစ်ဘက်ဆရာဝန်များနှင့် သူနာပြုများကို လိုအပ်ချက်များရှိနေသည့် ကျန်းမာရေး စင်တာများသို့ စေလွှတ်အားဖြည့်စေ ခြင်းနှင့် အနီးကပ်စောင့်ကြပ်ကြည့်ရှုရေး စင်တာများ (Quarantine Centers) ဖွင့်လှစ်ခြင်း အစရှိသဖြင့် အစိုးရ၏ ကပ် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
စစ်ဘက်-အရပ်ဘက် ပူးပေါင်း
ကမ္ဘာ့နိုင်ငံများအနေဖြင့် စစ်ဘက်နှင့် ပတ်သက်သော နောက်ခံသမိုင်းကြောင်း နှင့် နိုင်ငံရေးအခြေအနေအရ စစ်ဘက် အား အသုံးပြုရာတွင် စစ်ဘက်မှ နည်း ပညာဆိုင်ရာ အကူအညီသာရယူခြင်း၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင် ရွက်ခြင်း၊ စစ်ဘက်ကဦးဆောင်၍ ဆောင် ရွက်ခြင်း စသည့်ပုံစံသုံးမျိုးဖြင့် အသုံးပြု သည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်သည့် ပုံစံဖြင့် အများဆုံးဆောင်ရွက်နေကြသည် ကို တွေ့ရှိရကြောင်း၊ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များအနေဖြင့် ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်နိုင်ရန် အားဖြည့်ကူညီ ဆောင်ရွက်ခြင်းအပြင် လိုအပ်သည့်နေရာ များတွင် ပိုးသတ်ဆေးများဖျန်းခြင်း အစ ရှိသည့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု များတွင် အရပ်ဘက်ကို ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ကူးစက် မှုနှုန်း ကျဆင်းရေးအတွက် အစိုးရမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ကို အများပြည်သူ လိုက်နာဆောင်ရွက်ရေး အတွက် ကန့်သတ်ပိတ်ဆို့ထားသည့်နေရာ များ (Lockdown Areas) တွင် ကင်းလှည့် ခြင်း၊ လမ်းများပိတ်ဆို့ခြင်းနှင့် အများ ပြည်သူ သွားလာမှုများကို စစ်ဆေး ကြပ်မတ်ခြင်း လုပ်ငန်းများတွင်လည်း စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကန့်သတ်ပိတ်ဆို့ထားသည့် နေရာများ (Lockdown Areas) သတ်မှတ် ထားရှိမှုကြောင့် နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်လာသည့် အခက်အခဲဖြစ်သည့် အစာရေစာပြတ်လပ်သွားခြင်းမျိုး မဖြစ် စေရန်အတွက် စားနပ်ရိက္ခာနှင့် သောက် သုံးရေ ဖြန့်ဖြူးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးရကြောင်း၊ ထို့ပြင် ကာကွယ် ဆေးများနှင့် ဆေးပစ္စည်းများကို သက်ဆိုင်ရာ နေရာဒေသအသီးသီးသို့ ပို့ဆောင်ရာတွင်လည်း စစ်ဘက်သယ်ယူ ပို့ဆောင်ရေးစနစ်မှတစ်ဆင့် ထိရောက် လျင်မြန်စွာ ဆောင်ရွက်ခြင်းနှင့် အခြား လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များတွင်လည်း အထောက်အကူ ပြု အားဖြည့်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ စစ်ဘက်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နိုင်စွမ်းရှိသည်ကို ကြည့်ခြင်း အားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် စစ်ဘက်၏ အခန်း ကဏ္ဍ မည်မျှအရေးကြီးကြောင်းကို သိရှိ နိုင်ကြောင်း။
ယုံကြည်မှုထားရှိရန် အရေးကြီး
စစ်ဘက်အနေဖြင့် ဖိအားများသည့် အခြေအနေများတွင် လုပ်ငန်းတာဝန်များ ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် ကျွမ်းကျင်မှုများနှင့် ပြည့်စုံသည့်အပြင် များပြားလုံလောက် သည့် အရင်းအမြစ်များလည်း ရှိနေ ကြောင်း၊ စစ်ဘက်၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်သည့်ပုံစံဖြင့် အထက် မှအောက်သို့ စီစဉ်ညွှန်ကြားသည့် စနစ် များကြောင့် ဆုံးဖြတ်ချက်များကို လျင်မြန် စွာ ချမှတ်နိုင်ခြင်းနှင့် နှောင့်နှေးကြန့်ကြာ မှုမဖြစ်ပေါ်စေရန် ရှောင်ရှားနိုင်ခြင်း ဆိုသည့် အားသာချက်များကိုလည်း ပိုင်ဆိုင်ထားကြောင်း၊ စစ်ဘက်အရင်း အမြစ်များကိုအသုံးပြုပြီး ကပ်ရောဂါ ကဲ့သို့ သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှု များကို ကာလတိုအတွင်း အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် မဖြစ် မနေ လိုအပ်ချက်တစ်ခုမှာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ဘက်- အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုများကို အကောင် အထည်ဖော်သည့်နေရာတွင် အပြန် အလှန် လေးစားမှု၊ ယုံကြည်မှုထားရှိရန် အရေးကြီးပြီး ထိုသို့ဆောင်ရွက်နိုင်မှသာ လျှင် ရင်ဆိုင်ကြုံတွေ့နေရသည့် အကျပ် အတည်းများ၊ အခက်အခဲများကို ထိထိ ရောက်ရောက် ကျော်လွှားနိုင်မည်ဖြစ် ကြောင်း၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်း များ၏ သဘောသဘာဝမှာ နိုင်ငံတစ်ဝန်း လုံးကို လွှမ်းခြုံနိုင်သည့် အမိန့်ပေးစနစ် ကောင်းမွန်စွာ တည်ဆောက်ထားနိုင်ပြီး လိုအပ်သည့် လူအရင်းအမြစ်ပိုင်ဆိုင်ထား ကြောင်း၊ အချို့နိုင်ငံများတွင် အမြဲတမ်း စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများသာမကအရန်တပ်ဖွဲ့ဝင်များကိုပါ ဖွဲ့စည်းထားရှိ ပြီး ၎င်းတို့အနေဖြင့် နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ ပေါ်ပေါက်လာ ပါက ရှေ့တန်းကျကျ အားဖြည့်ကူညီ ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်များ ရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံအတော် များများ၏ တပ်မတော်များအနေဖြင့် အတိတ်ကဖြစ်ပွားခဲ့ဖူးသည့် ကပ်ရောဂါ များတွင် ကြုံတွေ့ခဲ့ရသည့် အကျပ် အတည်းများ၊ အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းခဲ့ဖူးသည့် အတွေ့အကြုံကောင်း များ ရှိနှင့်ပြီးဖြစ်ကြောင်း။
လိုအပ်သလို ပူးပေါင်းဆောင်ရွက်
ဆက်လက်၍ မြန်မာ့တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီပါဝင် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် မိမိတို့မြန်မာ့တပ်မတော် အနေဖြင့် တပ်မတော်ဆေးရုံများ၊ ဆေးတပ်ရင်းများတွင် တပ်မတော်သား များ၊ မိသားစုဝင်များနှင့် အရပ်သား ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှုများကို ကူညီပြုလုပ် ပေးနိုင်ခဲ့သည့် အရေအတွက်မှာ ယနေ့ အချိန်အထိ ၅၆၄၇၇၇ ဦး ရှိခဲ့ပြီဖြစ် ကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အားဖြည့်ကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် စစ်ဘက်ဆိုင်ရာဆေးဝန်ထမ်း များဖြစ်သည့် ရောဂါရှာဖွေရေးနှင့် ကုသ ရေး ပါရဂူများကို ဆေးမှူးများ၊ သူနာပြု များ၊ ကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့ များဖြင့် ဖွဲ့စည်းပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ လမှစ၍ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် ကာကွယ်ဆေး ထိုးနှံသည့် လုပ်ငန်းစဉ်များတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းမှ သက်ဆိုင်ရာဒေသ အသီးသီးသို့ ကာကွယ်ဆေးများ သယ်ယူ ပို့ဆောင်ခြင်းကဲ့သို့သော လုပ်ငန်းများ အပါအဝင် အခြားလုပ်ငန်းများတွင်လည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်ဗီဇပြောင်းဒယ်လ်တာသည် တတိယလှိုင်းအပြင် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်မှ စတင်ခဲ့ရာ ဇူလိုင်လနှင့် ဩဂုတ် လတို့တွင် ကူးစက်မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းကျော် ရှိခဲ့သော်လည်း စစ်ဘက်- အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခု အောက်တိုဘာလအတွင်းတွင် ကူးစက်မှုနှုန်းသည် ၄ ရာခိုင်နှုန်း ဝန်းကျင် မျှအထိ လျော့နည်းလာခဲ့ကြောင်း၊ ၎င်း သည် စစ်ဘက်-အရပ်ဘက် ပူးပေါင်း ဆောင်ရွက်မှု၏ ရလဒ်တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် စတုတ္ထလှိုင်းဖြစ်ပွားလာနိုင်မှုကို ကြိုတင်မျှော်တွေးပြီး ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံတစ်ဝန်း တိုင်းစစ်ဌာနချုပ် များရှိ တပ်မတော်ဆေးရုံများ၌ အတည်ပြု လူနာကုသရေးစင်တာ ၉၈ ခု ပြင်ဆင် ဖွင့်လှစ်ထားရှိပြီး အရေးပေါ် လူနာခုတင် ၉၅၀၀ ခန့်ကို ပြင်ဆင်ထားရှိပြီးဖြစ် ကြောင်း၊ အောက်ဆီဂျင် လိုအပ်ချက်များ ကို ဖြည့်ဆည်းနိုင်ရန်အတွက် Oxygen Plant နှင့် Liquid Oxygen Plant များ တည်ဆောက်ထားရှိပြီး Oxygen Plant တည်ဆောက်ရန် အခက်အခဲရှိသော နေရာများတွင် Oxygen Concentrator များ ဖြန့်ခွဲထုတ်ပေးနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားလျက်ရှိကြောင်း။
ဖိအားများနှင့် ရင်ဆိုင်ရလျက်ရှိ
စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ကျယ်ပြန့်စွာ အသုံးပြုနိုင်သော်လည်း တစ်ဖက်တွင် အဆိုပါကပ်ရောဂါကူးစက် ပျံ့နှံ့မှုကြောင့် စစ်ဘက်အဓိကလုပ်ငန်း တာဝန်များကို အချိန်နှင့်တစ်ပြေးညီ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အသင့် ဖြစ်မှုကိုလည်း တိုက်ရိုက်နှင့်သွယ်ဝိုက် ထိခိုက်နိုင်သည့် အလားအလာများစွာရှိ ကြောင်း၊ စစ်ဘက်အနေဖြင့် ပြင်ပမှ ခြိမ်းခြောက်မှုအန္တရာယ်များကို ကာကွယ် တားဆီးရန် မူလတာဝန်ရှိနေသော်လည်း လက်ရှိကပ်ရောဂါဖြစ်ပွားမှုအခြေအနေ အရ အစိုးရမှ ဆောင်ရွက်နေသည့် ကပ် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက် နေရသည့်အတွက် စစ်ဘက်တွင်လည်း အတိုင်းအတာတစ်ခုအထိ ဖိအားများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ဘက်အနေဖြင့် ၎င်းတို့၏ အရင်း အမြစ်များကို ပြဿနာအမျိုးမျိုးတွင် ပုံစံအမျိုးမျိုးနှင့် ဆောင်ရွက်နိုင်မည့် မဟာဗျူဟာကျသည့် မူဝါဒများကို ပြန်လည်ဆန်းစစ်ရန် လိုအပ်လာကြောင်း၊ သဘောသဘာဝအားဖြင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များကို ကပ်ရောဂါတုံ့ပြန်ရေး အတွက် စုဖွဲ့ပျိုးထောင်ထားခြင်းမဟုတ် သော်လည်း နိုင်ငံသားတစ်ဦးချင်းစီ၏ ဘေးကင်းလုံခြုံမှုအဆင့်အတန်းမြင့်မား စေရန်နှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အတွက် စစ်ဘက်အရင်းအမြစ်များ၏ စွမ်းဆောင်နိုင်ရည်နှင့် အရည်အသွေးများ ပိုမိုတိုးတက်လာစေရန် နောင်အနာဂတ် ကာလတွင် လေ့ကျင့်ပျိုးထောင်ပြင်ဆင် သင့်သည်ဟု အကြံပြုလိုပါကြောင်း။
ထိရောက်အကျိုးရှိစွာ ရင်ဆိုင်ဖြေရှင်း
သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှု များကို ပိုမိုထိရောက်အကျိုးရှိစွာ ရင်ဆိုင် ဖြေရှင်းရာတွင် လွန်စွာအရေးပါသည့် စစ်ဘက် - အရပ်ဘက် ဆက်ဆံရေး၏ အခန်းကဏ္ဍကို ပိုမိုတိုးတက်ကောင်းမွန် လာအောင် ဆောင်ရွက်သင့်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံနှင့်ပြည်သူများ ထိခိုက်ခံစားခဲ့ရသည့် လူမှုစီးပွားဆိုင်ရာကိစ္စရပ်များကို သက်ဆိုင် ရာ အစိုးရများက နည်းလမ်းပေါင်းစုံဖြင့် ပြန်လည်ကုစားရာတွင် မိမိတို့စစ်ဘက် အနေဖြင့် ရှိရင်းစွဲအရင်းအမြစ်များကို မျှဝေသုံးစွဲ၍ ကူညီဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကပ်ရောဂါကြောင့် အားနည်း မှု ဖြစ်ပေါ်ခဲ့သည့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပြန်လည်အားကောင်းလာ စေရန်လည်းကောင်း၊ စားနပ်ရိက္ခာဖူလုံ စေရေးအတွက် အစိုးရအား တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တစ်နိုင် တစ်ပိုင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင် ဆောင်ရွက်၍လည်းကောင်း၊ ကုန်စည် စီးဆင်းမှု လျင်မြန်သွက်လက်စေရန် အတွက် လိုအပ်ပါက စစ်ဘက်သယ်ယူ ပို့ဆောင်ရေးစနစ်ကို ထိရောက်စွာအသုံး ပြု၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လည်းကောင်း စသည်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အင်တိုက် အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ကပ်ရောဂါ အလွန်ကာလတွင် ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် နိုင်ငံတော်၏ လူမှုစီးပွားကဏ္ဍ ပြန်လည်နာလန်ထူရေး အတွက် ရေတို၊ ရေရှည်စီမံချက်များ ရေးဆွဲပြီး သက်ဆိုင်ရာအစိုးရများ၏ ဦးဆောင်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာ တွင် စစ်ဘက်အခန်းကဏ္ဍသည် အတိုင်း အတာတစ်ခုအထိ အရေးပါနေဦးမည် ဖြစ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာနိုင်ငံ များ၏ တပ်မတော်များအနေဖြင့် နိုင်ငံ၏ လူမှု စီးပွားကဏ္ဍပြန်လည်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်နေရသည့်ကာလ တွင် နိုင်ငံတော်၏စီးပွားရေးအခြေခံ အဆောက်အဦများကို သက်ရောက်မှုမရှိ စေမည့် စစ်အသုံးစရိတ်ကိုသာ လျာထား အသုံးပြုနိုင်ရေး ချင့်ချိန်ဆောင်ရွက်သင့် ကြောင်း၊ ယခုကဲ့သို့ အစိုးရ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေး သည့်နည်းတူ တပ်မတော်သားများ၊ စစ်မှု ထမ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစု ဝင်များ၏ လူမှုစီးပွားလုပ်ငန်းများ အဆင် ပြေ ချောမွေ့စေရန် ဦးစားပေးဆောင်ရွက် ပြီး အခြားပြည်သူများကိုလည်း ဆက်လက် ကူညီဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်း။
မဟာဗျူဟာအားပြိုင်မှုများ
ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံ များအားလုံး လူသားများ၏အသက်ခန္ဓာ ကိုယ်နှင့်ရင်း၍ ကျော်လွှားနိုင်ရန် အရေး ကြီး ဆောင်ရွက်နေချိန်တွင် အင်အားကြီး နိုင်ငံအချို့၏ မဟာဗျူဟာအားပြိုင်မှုများ သည် အာဆီယံအပါအဝင် ဒေသအသီးသီး အပေါ် ရိုက်ခတ်မှုများ ရှိလာခဲ့သည်ကို လည်း တွေ့ရှိရကြောင်း၊ အာဆီယံဗဟိုပြု မှု (ASEAN Centrality) ၊ အာဆီယံ စုစည်းညီညွတ်မှု (ASEAN Unity) နှင့် အာဆီယံလမ်းကြောင်း (ASEAN Way) တို့သည် မည်သည့်အချိန်နှင့်မျှမတူအောင် ခြိမ်းခြောက်ခံနေရပြီဖြစ်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအားလုံး ယခင်ကထက် ပို၍စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ကြောင်း၊ ၎င်းတွင် “အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စ များတွင် ဝင်ရောက်စွက်ဖက်မှုမပြုခြင်း” ဆိုသည့် အခြေခံမူသည် အခြားဒေသ ဆိုင်ရာအဖွဲ့အစည်းများနှင့် မတူကွဲပြား ပြီး ထူးခြားလှသည့် အာဆီယံ၏ အမှတ် လက္ခဏာတစ်ခုဖြစ်သည်ကို အလေး အနက်ထား ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံ များ၏ အချုပ်အခြာအာဏာကို အမြဲ တစေ လေးစားခဲ့သလို မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက် စွက်ဖက်ခြင်းလည်းမရှိခဲ့ကြောင်း၊ သို့သော် ယနေ့ အာဆီယံထိပ်သီးအစည်းအဝေး တွင်မက ဆွေးနွေးဖက်နိုင်ငံများနှင့် အစည်းအဝေးများတွင်ပါ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါက ASEAN Centrality ၊ ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာ ပြီလားဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်း၊ အကြောင်းပြချက် မှာ မြန်မာနိုင်ငံ၏ လက်ရှိအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ သဘောတူညီ ချက် ၅ ရပ်အပေါ် တုံ့ပြန်မှုမရှိဆိုသည့် အကြောင်းပြချက်ဖြင့် အစည်းအဝေးတွင် မြန်မာအစိုးရခေါင်းဆောင်ကို မဖိတ်ရေး အဓိကဆုံးဖြတ်ချက် ထွက်လာကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတော်၏ လက်ရှိအခြေအနေ၊ ရှေ့ဆက်လုပ်ဆောင် မည့်လုပ်ငန်းများ၊ ရပ်တည်ချက်သဘော ထားများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အချက် ၃ ချက်ကို အလေးထား ပြောကြား ခဲ့ကြောင်း၊ ၎င်းအချက် ၃ ချက်မှာ မိမိတို့နိုင်ငံအပေါ်ပေးအပ်ခဲ့သည့် အကြံပြုချက် များကို ပြည်တွင်းတွင် လတ်တလော ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ဆက်စပ်၍ အလေးပေးထည့်သွင်းစဉ်းစား သွားမည်၊ မိမိတို့အနေဖြင့် ပြည်တွင်း တည်ငြိမ်မှုအပေါ်မူတည်၍ အာဆီယံ၏ အဆိုပြုချက်များ၊ ခရီးစဉ်များကို စဉ်းစား သွားမည်၊ အာဆီယံ၏ အပြုသဘော ပါဝင်ကူညီပံ့ပိုးပေးလိုမှုနှင့် စပ်လျဉ်း၍ လည်း အာဆီယံပဋိညာဉ်၊ အာဆီယံ လမ်းစဉ်၊ အာဆီယံစိတ်ဓာတ်အပေါ် အခြေခံမည်ဆိုပါက နိုင်ငံကောင်းကျိုး အတွက် စဉ်းစားပေးမည်ဖြစ်ကြောင်း စသည့်အချက်သုံးချက်ကို ဆွေးနွေး ပြောကြားခဲ့မှုအပေါ် ထပ်လောင်းသတိရ စေလိုကြောင်း။
အာဆီယံအထူးကိုယ်စားလှယ် မြန်မာ နိုင်ငံသို့လာရောက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အလေးထား ဆောင်ရွက်ခဲ့သော်လည်း အမျိုးမျိုးသော ညှိနှိုင်းမှုများနှင့် ပြောင်းလွယ်ပြင်လွယ် တောင်းဆိုမှုများအပြင် နိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့် တရားရင်ဆိုင်ဆဲပုဂ္ဂိုလ် တစ်ဦးကို မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်း ကမျှ တွေ့ခွင့်မရှိသည့်အချက်ကို ကျော် လွန်၍ တွေ့ခွင့်ရရန် မဖြစ်နိုင်သည့် တောင်းဆိုချက်များပါ ကြုံတွေ့ခဲ့ရကြောင်း၊ ၎င်းကိစ္စရပ်များနှင့် ပတ်သက်၍ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက် အပေါ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထား သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်သည် အာဆီယံ၏ ပဋိညာဉ်အပိုဒ် ၂၀(၁) ဖြစ် သည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရမည်ဆိုသည့်အချက်၊ အပိုဒ် ၂ (၂) (က) ၊ (င) နှင့် (စ) ပါ အဖွဲ့ဝင်နိုင်ငံများ ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေး မစွက်ဖက်ရန် နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေး တည်ရှိမှုကို ပြင်ပမှမစွက်ဖက်ရေး စသည့် မူများနှင့် ဆန့်ကျင်နေသည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်တာဝန်အား စတင် တာဝန်ယူသည့်ကာလမှစ၍ ချမှတ် ထားပြီး အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၌လည်း ရှင်းလင်းတင်ပြခဲ့ သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတိုင်း ခိုင်မာတိကျစွာ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အာဆီယံ၏ သဘောတူညီချက် (၅) ရပ်အတိုင်း လုပ်ငန်းစဉ်များအား အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
နိုင်ငံခြားရေးမူဝါဒအတိုင်း လိုက်နာ
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ “နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွ ပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည်” ဆိုသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန် ကြေညာခဲ့သည်ကိုလည်း အဆွေတော်တို့ မှတစ်ဆင့် နိုင်ငံ့ခေါင်းဆောင်အသီးသီး အား ပကတိအခြေအနေမှန်ကို အသိပေး တင်ပြနိုင်ရေးကိုလည်း ဆွေးနွေးလို ကြောင်း၊ ယခုကဲ့သို့ ASEAN Centrality၊ ASEAN Unity နှင့် ASEAN Way များကို ကျော်လွန်ဆောင်ရွက်လာသည်မှာ မြန်မာ နိုင်ငံတစ်ခုတည်းအပေါ်ကိုသာ သက်ရောက် မည်မဟုတ်ဘဲ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံ များအားလုံးအပေါ်တွင်လည်း တစ်နည်း မဟုတ်တစ်နည်း မည်သည့်အချိန်မျိုးတွင် မဆို ယခုကဲ့သို့ အာဆီယံပြင်ပအသိုက် အဝန်းများ၏ အသွေးအရောင်စုံ ဖိအား ပေး၊ သွေးထိုး၊ သွေးခွဲ၊ သပ်လျှိုမှုနှင့်အတူ စည်းလုံးညီညွတ်သော အာဆီယံအဖွဲ့ အတွင်း ဝင်ရောက်စွက်ဖက်မှုများ၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံအချင်း ချင်း မျက်နှာထက်ကျော်လွန်ကြည့်ရသည့် သက်ရောက်မှုများ ရှိလာနိုင်သည်ကို လည်း သတိပြုကြစေလိုကြောင်း၊ ပိုမို စည်းလုံးညီညွတ်သည့် အာဆီယံအသိုက် အဝန်းဖြစ်လာရန်အတွက် အာဆီယံ ကြည်းတပ်များအဆင့်မှသည် နိုင်ငံအဆင့် အထိ ယခင်ထက်ပို၍ နားလည်မှုရှိရန်၊ ယုံကြည်မှုရှိရန်၊ အပြန်အလှန်လေးစားရန် လိုအပ်သည်ဟု ပြောကြားလိုကြောင်း။
ပြည်သူနှင့်အတူလက်တွဲ
အာဆီယံဒေသအပါအဝင် ကမ္ဘာ တစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်ခံစားခဲ့သည့် မိသားစုများ အားလုံးအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရသည်ကို ပြောကြားလိုကြောင်း၊ ကမ္ဘာပေါ်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသမျှ ဘေးဒုက္ခများ၊ အကျပ်အတည်းများကို မိမိတို့လူသားများ အနိုင်ယူကျော်လွှား နိုင်ခဲ့ကြောင်း၊ ကြုံတွေ့ဖူးခဲ့သည့် အတွေ့ အကြုံများကို သင်ခန်းစာယူ၍ ပိုမို ကောင်းမွန်သည့် အနာဂတ်ကို ထုဆစ်ခဲ့ ကြပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် မိမိတို့အားလုံး ထိခိုက်ခံစားနေကြရသော်လည်း မဝေး တော့သည့်ကာလတွင် ပိုမိုကောင်းမွန် သည့် အခြေအနေကို ရောက်ရှိအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း၊ မိမိတို့ ကြည်းတပ် တပ်ဖွဲ့ဝင် များသည် အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲများ ဆင်နွှဲလာခဲ့သူများဖြစ်ကြောင်း၊ ယခုကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ် ရောဂါကိုလည်း အစိုးရနှင့်အတူ ပြည်သူ နှင့်အတူ လက်တွဲပူးပေါင်း၍ အနိုင်တိုက် နိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း၊ အာဆီယံကြည်းတပ်ဦးစီးချုပ်အားလုံး၊ အာဆီယံကြည်းတပ် တပ်ဖွဲ့ဝင်များ အားလုံးနှင့် မိသားစုများအားလုံး ဘေးကင်း လုံခြုံစွာရှိကြပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များနှင့် တပ်မတော် အရာရှိကြီးများက “ကိုဗစ်-၁၉ ကပ်ရောဂါ အလွန် ပြန်လည်ထူထောင်ရေးတွင် အာဆီယံကြည်းတပ်များ၏ အခန်းကဏ္ဍ (The Role of ASEAN Armies In the Process of Rehabilitation After the COVID-19 Pandemic) ခေါင်းစဉ်နှင့် ပတ်သက်၍ နိုင်ငံအက္ခရာစဉ်အလိုက် ကျယ်ပြန့်စွာ ဆွေးနွေးကြသည်။
အနှစ်ချုပ် သုံးသပ်ဆွေးနွေး
ဆက်လက်၍ နိုင်ငံအလိုက်ဆွေးနွေးတင်ပြချက်များအပေါ် မြန်မာ့တပ်မတော် မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြံ ပေးပုဂ္ဂိုလ် ဒေါက်တာ ရင်ရင်နွယ် က အနှစ်ချုပ် သုံးသပ်ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်နှုတ်ဆက်စကား ပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အာဆီယံ ကြည်းတပ်များ၏ အတွေ့အကြုံများကို တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးခဲ့ ခြင်းကြောင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့သက်ဆိုင်ရာနိုင်ငံများ၏ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အာဆီယံကြည်းတပ် များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍကို တွက်ဆမိစေကြောင်း၊ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး အချက် အလက်ပြည့်စုံသည့် ဆွေးနွေးမှုများဖြစ် သောကြောင့် အကျိုးများစေသည်ဟု ယုံကြည်ပါကြောင်း။
ယခုကျင်းပနေသည့် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး သည် အာဆီယံဒေသကာကွယ်ရေး ဆိုင်ရာ သံခင်း တမန်ခင်း (Defence Diplomacy of ASEAN) ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံမှု များမှတစ်ဆင့် အာဆီယံကြည်းတပ် ခေါင်းဆောင်များအကြား ချစ်ခင်ရင်းနှီးမှု၊ နားလည်မှုနှင့် ယုံကြည်မှုများ တိုးပွား လာစေနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အာဆီယံကြည်းတပ်များအကြားဆက်ဆံ ရေး၊ အာဆီယံတပ်မတော်များအကြား ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန် စေမည်ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့ အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး သည် “One Vision, One Identity, One Community” ဆိုသည့် အာဆီယံ ဆောင်ပုဒ်နှင့်အညီ တစ်ခုတည်းသော အာဆီယံအသိုက်အဝန်း တည်ဆောက် ရေးတွင် အရေးပါသည့် အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ကြောင်း။
အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်ရရှိ
မိမိတို့ ACAMM ကဲ့သို့ စင်္ကြံများမှ တစ်ဆင့် ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက် ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်ရရှိပြီး အာဆီယံအနေဖြင့် တုံ့ပြန်ဆောင်ရွက်သင့် သည့်နည်းလမ်းများကို ဆွေးနွေးအဖြေရှာ အကြံပြုတင်ပြနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် အာဆီယံကြည်းတပ် ဦးစီးချုပ်များအနေဖြင့် ကိုဗစ်-၁၉ ကပ် ရောဂါတိုက်ဖျက်ရေး၊ ကပ်ရောဂါအလွန် ကာလ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးပေးခဲ့ကြ သဖြင့် ကျေးဇူးတင်ရှိသည်ကို ထပ်မံ ပြောကြားလိုကြောင်း၊ လူကြီးမင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ ယနေ့ အစည်းအဝေးကို အောင်အောင်မြင်မြင် ကျင်းပနိုင်မည် မဟုတ်သည်မှာ သေချာပါ ကြောင်း၊ အစည်းအဝေးတက်ရောက်မှု၊ ပါဝင်ဆွေးနွေးမှုများအတွက် ကျေးဇူး တင်ရှိပါကြောင်း၊ လာမည့်နှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဗီယက် နမ်နိုင်ငံအနေဖြင့် ACAMM အစည်းအဝေး ကို အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း၊ ကပ်ရောဂါအခြေ အနေကိုသာ ထိန်းချုပ်နိုင်ပြီဆိုပါက လာမည့်နှစ်အစည်းအဝေးတွင် မိတ်ဆွေ ကြည်းတပ်ဦးစီးချုပ်များ အားလုံးကို မျက်နှာချင်းဆိုင် တွေ့မြင်ခွင့်ရလိမ့်မည် ဟုမျှော်လင့်ပါကြောင်းနှင့် ကျန်းမာရွှင် လန်းစွာရှိစေရန် ဆုမွန်ကောင်းတောင်း ပေးပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ (၂၃) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်း အဝေး(ACAMM XXIII)၊ (၃၀)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ (30 th ASEAN Armies Rifle Meet-AARM XXX) နှင့် (၁၀) ကြိမ်မြောက် အာဆီယံလုပ်သက်ရင့် အရာခံဗိုလ်များအစည်းအဝေး (10 th ASEAN Sergeant Major Army Meets– ASMAM X) တို့ကို အိမ်ရှင်အဖြစ် တာဝန် ယူ ဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ရာ AARM အလံနှင့် ACAMM Stand တို့ကို ဗီယက်နမ် ပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး Nguyen Van Nghia ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ စစ်သံမှူး Senior Colonel Nguyen Thanh Dong က လက်ခံရယူသည်။
ယင်းနောက် ASMAM ကျိုင်းအား အရာခံဗိုလ် ဝင်းလှိုင်မှ ဆက်လက်လွှဲပြောင်း ပေးအပ်ရာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံ စစ်သံမှူးက လက်ခံရယူသည်။
မိတ်ဆက်ဗီဒီယိုကို ပြသ
ဆက်လက်၍ အခမ်းအနားအစီအစဉ် အရ ဗီယက်နမ်နိုင်ငံအကြောင်း မိတ်ဆက် ဗီဒီယိုကိုပြသပြီး ဗီယက်နမ်ပြည်သူ့ တပ်မတော် ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး Nguyen Van Nghia က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အစည်းအဝေး တက်ရောက် လာကြသော မြန်မာနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများမှ စစ်သံမှူးများ၊ သံရုံး တာဝန်ရှိသူများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်