
မိုးကေနိုင်
နိုင်ငံမှာ စားနပ်ရိက္ခာဖူလုံမှုဟုဆိုရာမှာ စိုက်ပျိုးသီးနှံသာမက မွေးမြူရေး၊ ရေထွက်ကုန် အမယ်စုံ ဖူလုံနေမှသာ အဓိပ္ပာယ်နဲ့ ကိုက်ညီမှာဖြစ်ပါတယ်။ စား၊ ဝတ်၊ နေ၊ ရေး သုံးဖြာမှာ အရေးကြီးဆုံးဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးကင်းတဲ့ အစားအသောက်ကို လုံလုံလောက်လောက် မျှမျှတတစားသုံးနိုင်မှလည်း ကျန်းကျန်း မာမာနဲ့ အသက်ရှင်သန်မှာဖြစ်တယ်ဆိုတဲ့အတွက် စားနပ်ရိက္ခာဖူလုံရေး (food security) နဲ့ ဘေးကင်းတဲ့အစားအစာ (food safety) ဆိုတာမှာ လူသားအားလုံးနဲ့ သက်ဆိုင်သွားပါတယ်။ မြန်မာလူမျိုးအားလုံးအတွက် ဖူလုံဖို့နဲ့ ဘေးကင်းဖို့ နှစ်ချက်လုံးနဲ့ဆိုင်နေတဲ့အပြင် ပြဿနာရှိနေတဲ့ အစားအစာတစ်ခုကို ညွှန်ပြပါဆိုရင်တော့ ကျွန်တော်တို့ရဲ့အစားအစာမှာ မရှိမဖြစ်ပါဝင်နေတဲ့ စားသုံးဆီကိုသာ တိုက်ရိုက်ညွှန်းရပါလိမ့်မယ်။
မဖူလုံမှုပြဿနာနှင့် နောက်ဆက်တွဲသက်ရောက်မှု
ဘာကြောင့် ကျွန်တော်တို့နိုင်ငံမှာ စားသုံးဆီ တစ်မျိုးက မဖူမလုံဖြစ်နေရပါသလဲ။ ဆိုရရင် လုံလောက်အောင်မထုတ်နိုင်လို့ပါပဲ။ စားဝတ်နေ ရေး ခက်ခဲတော့ မသုံးနိုင်၊ ဗဟုသုတနည်းတော့ မသုံးတတ်လို့နဲ့ အသုံးထက် အဖြုန်းက များနေလို့ သာလျှင် ဖြစ်ပါလိမ့်မယ်။ မသုံးနိုင်၊ မသုံးတတ်တော့ ကျန်းမာရေးအတွက် ဘေးမကင်း၊ နောက်ဆုံးတော့ လူတွေမှာ အဝလွန်၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ နာတာရှည်ရောဂါအစုံနဲ့ လူ့ဘဝသက်တမ်းတိုတို မှာ နိဂုံးချုပ်ကြရတယ်။
ပြည်သူတွေစားသုံးနေတဲ့ စားသုံးဆီဖူလုံရေး တွက်ခြေကိုက်မယ့် ဆီထွက်သီးနှံတွေကို တိုးချဲ့ စိုက်ပျိုး၊ အစားထိုးစိုက်ပျိုးသင့်တာ အစားထိုး တိုးချဲ့စိုက်၊ တစ်ဧကအထွက်နှုန်းတိုးဖို့လည်း ကြိုးစား၊ ပြည်ပကနေ တင်သွင်းတဲ့စားသုံးဆီကို လည်း လျှော့ချ စတဲ့ ဆောင်ရွက်ချက်တွေက စားသုံး ဆီဖူလုံရေးကို များစွာအထောက်အကူဖြစ်ပါတယ်။ ခက်တာက လိုအပ်ချက်နဲ့ ထုတ်လုပ်နိုင်မှုက များစွာ ကွာဟနေတာ၊ လူဦးရေက များလာတာနဲ့အမျှ ထုတ်လုပ်မှုနဲ့ စားသုံးမှု မမျှမတဖြစ်၊ ထုတ်လုပ်မှု ထက် တင်သွင်းမှုက နှစ်ဆကျော်လောက်မြင့်နေတာ တွေ့ရတယ်။ ထုတ်လုပ်မှုနည်းပြီး ဝယ်လိုအားများ ရင် ပစ္စည်းက မဖူမလုံဖြစ်တာသဘာဝပါ။ မဖူလုံ တော့ နိုင်ငံခြားတင်သွင်းဆီကိုသာ အားကိုးရ၊ ဒေါ်လာယိုပေါက်မပိတ်နိုင် စီးပွားရေး ရေခံမြေခံ ယိုင်နဲ့ရတာလည်း မဆန်းပါဘူး။
ရှိနေဆဲလိုအပ်ချက်များအပေါ် ထောက်ပြမှုနှင့်
အလားအလာကောင်းများ
ဆီစိုက်ပျိုးပြီး ကိုယ့်ဆီကထွက်တဲ့ ပဲဆီနှမ်းဆီ စစ်စစ်ကို စိုက်သူကိုယ်တိုင်က မစားနိုင်ဘဲ ပြန်ရောင်း၊ ဈေးပေါ၊ အရည်အသွေးညံ့တဲ့ဆီကိုပဲ ပြန်ဝယ်စားသုံးနေရတဲ့ အခြေအနေပါ။ အခု နောက်ပိုင်းတော့ လူတွေက မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီကို ဈေးကြီးပေမယ့် ပိုပြီးသုံးစွဲတာ ရှိလာ တယ်။ တစ်ချိန်တည်းမှာ ကျန်းမာရေးနဲ့မညီတဲ့ဆီ အသုံးများလာတာလည်း တွေ့ရတယ်။ ကျန်းမာရေး နဲ့ ညီညွတ်အောင်ဆိုရင် တစ်နေ့ ၂ ဒသမ ၂၅ ကျပ် သား စားသုံးခြင်းက အသင့်တော်ဆုံးပါပဲ။ ဒီပမာဏ နဲ့ ညီညွတ်အောင် စားသုံးသူတွေကို ပတ်ဝန်းကျင် မှာ တွေ့ရပါတယ်။ သို့ပေမယ့် တစ်ဦးချင်း ဆီစားသုံးမှု ကတော့ အလွန်ကိုမြင့်မားနေဆဲပါပဲ။
တစ်ဖက်ကလည်း တာဝန်ရှိသူတွေက ပြည်တွင်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် စားသုံးဆီ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးကို စီမံ ချက်ချ နည်းလမ်းရှာဖွေ လုပ်ကိုင်လာကြကြောင်း လည်း သိရပါတယ်။ အထူးသဖြင့် နေကြာကို အဓိက အားထားပြီး စိုက်ပျိုးဧကတိုးချဲ့၊ ထွက်နှုန်းကောင်း မယ့်မျိုးစေ့နဲ့ မျိုးစေ့ထုတ်တဲ့ အပိုင်းတွေမှာ အားထည့်ဆောင်ရွက်နေပြီး အထွက်နှုန်းတိုးအောင် စီမံလာတာ တွေ့ရတယ်။ စိုက်ပျိုးမြေလုံလောက်မှု ရှိတယ်ဆိုပေမယ့် ရေခံမြေခံကောင်းတဲ့ စိုက်မြေကို အပြည့်အဝ အသုံးချဖို့လိုအပ်ကြောင်း ထောက်ပြမှု၊ လမ်းညွှန်မှုတွေလည်း ရှိပါတယ်။
ပြည်ပဆီတင်သွင်းမှုများလာတဲ့အခါ ပြည်တွင်း ဆီကြိတ်ခွဲစက်တွေလည်း အလုပ်မဖြစ်၊ ရပ်နားရ၊ လူတွေလည်း အလုပ်လက်မဲ့ဖြစ်လာတယ်။ ဒါကြောင့် ပြည်တွင်းထွက် မြေပဲနဲ့ နှမ်းကို ပြည်ပ မတင်ပို့ဘဲ ပြည်တွင်းမှာပဲ ဆီကြိတ်ပြီး ဆီထုတ် နိုင်ရင် မကောင်းဘူးလား စတဲ့ လမ်းညွှန်ချက်တွေကို ထိထိရောက်ရောက် အသုံးချရမယ်လို့ ယူဆပါ တယ်။ အချိန်မီ စိုက်ပျိုးရိတ်သိမ်း ထုတ်လုပ်ဖို့၊ သီးထပ် စိုက်ဖို့လိုမလား၊ ရေရရှိဖို့လိုအပ်ချက်၊ မျိုးကောင်း မျိုးသန့်ရရှိရေး၊ နည်းပညာလိုအပ်ချက်နဲ့ အချို့ နေရာတွေမှာ အမှန်တကယ် စိုက်ပျိုးမှု ရှိ/မရှိ စီမံ ခန့်ခွဲမှုကဏ္ဍလိုအပ်ချက် စသည်ဖြင့် ဒီအချက်တွေ က ဘယ်စိုက်ပျိုးရေးကဏ္ဍမှာပဲဖြစ်ဖြစ် အဓိက အဟန့်အတားတွေအဖြစ် ရှိနေဆဲပါပဲ။
စိုက်ဧကတိုးချဲ့စိုက်ပျိုးနေသလို တစ်ဖက်က လည်း စားအုန်းဆီကို ကန့်သတ်တင်သွင်းနေတဲ့ အခြေအနေလည်း ရှိနိုင်ပါတယ်။ တင်သွင်းစရိတ် လျှော့ချနိုင်ရင် စားအုန်းဆီဈေးကွက်က စိုက်ပျိုး၊ ကြိတ်ခွဲ၊ သယ်ယူပို့ဆောင် ရောင်းဝယ်ရေးအဆင့်ဆင့် မှာ အဲဒီငွေကို ပိုသုံးနိုင်တဲ့ အခြေအနေဖြစ်သွားနိုင် ပါတယ်။ ပြည်ပကတင်သွင်းတဲ့ လက်ရှိစားအုန်းဆီ ဈေးနှုန်းဟာ ကိုဗစ်ကပ်ကာလကတည်းက အလွန် ကြီးမြင့်နေတဲ့အတွက် ထွက်သွားမယ့်ငွေကို အကျိုး ရှိရှိ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ ပိုပြီးရင်းနှီး မြှုပ်နှံနိုင်ရင် စားသုံးဆီ စိုက်ပျိုးထုတ်လုပ်မှုဟာ အမှန်တကယ် တိုးတက်လာမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စိုက်ပျိုးရေးအပိုင်းမှာ အလေ့ အကျင့်ကောင်း၊ ကြိတ်ခွဲထုတ်လုပ်တဲ့အပိုင်းမှာ ထုတ်လုပ်မှု ကျင့်စဉ်ကောင်း၊ အစားအစာဖြစ်သွားတဲ့ အဆင့်မှာ ဘေးအန္တရာယ်ကင်းရှင်းမှု စံချိန်စံညွှန်း တွေနဲ့ ခေတ်မီနည်းစနစ်တွေနဲ့ ကိုက်ညီအောင် လိုက်နာကျင့်သုံးလျက်ရှိနေပြီဖြစ်ကြောင်းလည်း ကြားသိနေရပါတယ်။
ကျန်းမာရေးနဲ့ ဝင်ငွေထွက်ငွေကာမိရန် မပြတ်ပညာပေး ဆွေးနွေးနေရ
ဖူလုံမှုနဲ့ ဘေးကင်းမှုဆိုပြီးရှိရာမှာ ဖူလုံဖို့ အတွက် စိုက်ပျိုးထုတ်လုပ်မှုအပိုင်းမှာ လုပ်ရမယ့် ကဏ္ဍတွေက ရေရှည်ဖြစ်ပြီး အကျိုးသက်ရောက်မှုက နေ့ချင်းညချင်း ဖြစ်မလာသေးပါဘူး။ လူတွေအနေနဲ့ က မိမိတို့တစ်ဦးချင်းကျန်းမာရေးကိုသာ ပိုပြီး ဂရုစိုက်ကြရမှာပါ။ ရေရှည်ဖူလုံမှုအတွက် လုပ်နေ သလို တစ်ဦးချင်း ဆီအသုံးလျှော့ချပြီး ဘေးကင်း အောင် ရွေးချယ်စားသောက်တတ်ခြင်းက မိမိ ကျန်းမာရေးကို ချက်ချင်းလက်ငင်း အကျိုးဖြစ်ကာ ထွက်ငွေကိုလည်း ကာမိစေပါတယ်။ အဓိကက တတ်နိုင်သမျှ ပြည်ပက ဈေးကြီးပေးတင်သွင်းနေရ တဲ့ စားအုန်းဆီနေရာမှာ ဘေးကင်းတဲ့ စားသုံးဆီတွေ ကို တဖြည်းဖြည်း အစားထိုး၊ အကျင့်လုပ်စားသောက် သွားသင့်ခြင်းပါပဲ။
ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်တဲ့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီက ဈေးမြင့်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ဘေးကင်းတယ်လို့ အထိုက် အလျောက် နားလည်သူတွေ ရှိလာတဲ့အလျောက် ယခင်ထက် စားသုံးမှုလည်းများလာပါတယ်။ လူတွေက စားအုန်းဆီထက် မြေပဲဆီ၊ နှမ်းဆီကို ပိုကြိုက်ပြီးသားပါ၊ ဈေးသက်သာလို့သာ စားနေကြရ တာ။ တာဝန် ရှိသူတွေအနေနဲ့ကလည်း ဘေးကင်းတဲ့ ဆီကောင်းကောင်းကိုသာ စားစေချင်တာ၊၊ ဒါကြောင့် လည်း စားသုံးဆီဘေးကင်းမှု ရှိ / မရှိ အကျိုးအပြစ် တွေကို မပြတ်ပညာပေး ဆွေးနွေးနေရခြင်းဖြစ်ပါ တယ်။
မိမိရဲ့ အသက်ရှင်သန်ရပ်တည်ရေးအတွက် စားရေး၊ သောက်ရေးကို လူတွေက ဂရုစိုက်ကြရာမှာ ဖူလုံမှု ဘေးကင်းမှုကို တချို့က တလွဲအယူအဆရှိကြ တယ်။ ခန္ဓာကိုယ်စွမ်းအင်အတွက် အရေးကြီးတဲ့ စားဆီဟာ စားတဲ့အခါ ချင့်ချိန်ရမယ့် ပမာဏမှာပဲ ဖြစ်သင့်ပြီး ကျန်းမာရေးနဲ့မသင့်တဲ့ အမျိုးအစားနဲ့ ကြော်လှော်မှုပုံစံတွေ မဖြစ်သင့်ပါဘူး။ ကျွန်တော် တို့ ပြည်သူအများစုသုံးစွဲနေတဲ့ စားအုန်းဆီဟာ ကမ္ဘာ့ဈေးကွက်မှာလည်း ကပ်ဘေးကြောင့်၊ စစ်ကြောင့် တင်ပို့တဲ့နိုင်ငံတွေက ချမှတ်တဲ့ အခွန်အခ တွေကြောင့် မြင့်တက်နေပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က အသုံးကိုလျှော့ ဥပမာ- ဆီပြန်ဟင်းမှ ကြိုက်တတ်တာမျိုးကို လျှော့ပြီး အရည်အသွေးမီ တာ၊ ကိုယ်ကြိုက်တာကိုသာ အဓိကထား သုံးဖို့ပဲရှိပါ တယ်။ မိမိအတွက် ကျန်းမာရေးကောင်းဖို့ကလွဲပြီး အခြားအရေးကြီးတာမရှိဆိုတဲ့ အယူအဆအောက်မှာ ပဲ အလေ့အကျင့်လုပ်ပေးပါ။
အရည်အသွေးမီခြင်း မမီခြင်းဆိုတာ ကိုယ်ချက် ပြုတ်ကြော်လှော်စားသုံးတဲ့ စရိုက်အပေါ်မှာပဲ အဓိက ဖြစ်ပါတယ်။ ဆီကဈေးကြီးတော့ အိမ်ရှင်မတွေက သုံးပြီးဆီကို ခဏပြန်သိမ်း၊ ပြန်ချက်ပြန်ကြော် တချို့က သုံးပြန်လေးပြန်သုံးကြတဲ့အခါ ကျန်းမာရေး ကို အလွန်ထိခိုက်ပါတယ်။ လမ်းဘေးဆိုင်တွေက အကြော်အလှော်လည်း ဒီအတိုင်းပါပဲ။ အချို့လည်း မတော်လောဘနဲ့ အနံ့ကောင်းအောင်၊ အရောင် ပြောင်းအောင်၊ ဆီအစစ်ထင်အောင် ဓာတုပစ္စည်း အရောအနှော၊ ဆီအရောအနှောတွေ ထည့်သုံး ကြ၊ လိမ်ရောင်းကြကြောင်း ကြားဖူးနားဝရှိပါ တယ်၊၊
ဒီအပိုင်းကတော့ ဆီဝယ်ရင် FDA approved ဖြစ်တဲ့တံဆိပ်မျိုး၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်း GAP Good Agricultural Practice၊ ကြိတ်ခွဲ ထုတ်လုပ်မှုကျင့်စဉ်ကောင်း GMP Good Manufa-cturing Practice ၊ အစားအစာဖြစ်သွားတဲ့အဆင့်မှာ ဘေးအန္တရာယ်ကင်းရှင်းမှု ချိန်စံညွှန်း HACCP Hazard Analysis Critical Control Point တွေပါတဲ့ အမှတ်အသားမျိုးတွေကို သတိပြု ရွေးချယ်ဝယ်ယူသင့်ပါတယ်။ နောက်ပိုင်း မှာတော့ ပဲဆီ၊ နှမ်းဆီအပြင် နေကြာဆီ၊ သံလွင်ဆီ တို့ကိုလည်း လူကြိုက်များလာတာ တွေ့ရပါတယ်။
နောက်ဆက်တွဲကျန်းမာရေးပြဿနာများ
ဒါပေမယ့် ဘယ်သူတွေဘာလုပ်လုပ်၊ ဘယ်လို ဖြစ်ဖြစ် မိမိသာအဓိက၊ မိမိဘက်ကသာ ဆင်ခြင်တုံ တရား၊ ကျန်းမာရေးအသိသတိရှိနေဖို့က အရေးကြီး ဆုံးပါပဲ။ ဘယ်သူမပြု မိမိမှု ၊ သတိမမူဂူမမြင် ဆိုတဲ့ အတွက် ဒီနေရာမှာ စားသုံးဆီနဲ့ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာပေါင်းစုံကို မျှဝေချင်ပါတယ်။ ကမ္ဘာမှာရော မြန်မာမှာပါ ကြုံနေရတာပါ။ သွေးတွင်းအဆီများပြီး အဖြစ်များ တဲ့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးသွေးကြော ပိတ်ရောဂါတွေဟာ အရေးပေါ် ဆေးရုံရောက်ရပြီး အသက်ခန္ဓာဆုံးရှုံးနိုင်တဲ့အထိ အလွန်ကိုအန္တရာယ် များတဲ့ ရောဂါတွေပါ။ အဆီကြောင့် လေဖြတ်နိုင်ခြေ နဲ့ လူစဉ်မမီ ဒုက္ခိတဘဝရောက်ရတဲ့ အခြေအနေ တွေကိုသိမြင်ပြီး ကြောက်တတ်ရပါမယ်။ သွေးတွင်း အဆီပမာဏ များတဲ့အခါ သွေးကြောနံရံတွေမှာ အဆီတွေစု၊ အဆီချိုးတွေကပ်တယ်လို့ပဲ လွယ်လွယ် မှတ်ပြီး အဲဒီကတစ်ဆင့် သွေးတိုးမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရပါတယ်။
အဆီကြောင့် ခန္ဓာကိုယ်ဝိတ်တက်လာရင် နောက်ဆက်တွဲပါလာတဲ့ နာတာရှည် ဆီးချို၊ သွေးချို ရောဂါတွေကို ထည့်တွက်ရပါမယ်။ ယနေ့ ပြည်သူ့ ကျန်းမာရေးပြဿနာမှာ ထိပ်ဆုံးကနေရာယူပြီး နှစ်စဉ်အသေအပျောက်များတဲ့စာရင်းမှာ သွေးတိုး၊ ဆီးချိုက အဓိကဆိုတာ မမေ့ဖို့လိုပါတယ်။ နောက်ထပ် လူတွေကြောက်တဲ့ရောဂါက ကင်ဆာ ဆိုတဲ့ ရောဂါဆိုးကြီးပါပဲ။ ဆီကိုချွေတာပြီး ထပ်ကာ ထပ်ကာ အပူပေးစားသုံးတတ်တဲ့ အကျင့်ဟာ ကင်ဆာ၊ နှလုံး သွေးကြောဆိုင်ရာနဲ့ ခန္ဓာတစ်ရှူး ရောင်ရမ်းခြင်းဆိုင်ရာရောဂါများနဲ့ ဆက်စပ်နေ ပါတယ်။
တာရှည်အပူပေးပြီး ပြန်သုံးတဲ့အဆီဟာ မူလ သဘာဝဆီကောင်းဘဝကနေ ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေတဲ့ အသွင်ပြောင်းဆီဘဝ ကို ဓာတ်ပြောင်းသွားကြောင်း သိလိုက်ရရင် မိမိ ကျန်းမာရေးအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်နိုင် လိမ့်မယ်လို့ ယူဆပါတယ်။ လူကိုအကျိုးမပြုတဲ့ free radicals မော်လီကျူးတွေ ခန္ဓာတွင်းစုမိတဲ့ အကြောင်းတရားတွေမှာ ပြန်ကြော်ဆီဆိုတဲ့ အကြောင်းတရားတစ်ခု ပါဝင်နေတဲ့အတွက် မကောင်းတဲ့အလေ့အထဆိုရင် ဖျောက်ရပါမယ်။ ထို့ပြင် ဆီစားသုံးမှုများခြင်းဟာ အသည်းမှာ အဆီ တွေသွားစုပြီး အသည်းအဆီဖုံးပြဿနာကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ အသည်းအဆီဖုံးခြင်း ကြောင့် နောက်ပိုင်းမှာ နာတာရှည်အသည်းရောင်၊ အသည်းခြောက်ရောဂါကနေ အသည်းပျက်စီးတဲ့ အထိ ဆိုးကျိုးတွေပေးပါတယ်။
ဒါကြောင့် ဆီစားသုံးမှုများတဲ့ ပြဿနာနဲ့ ဘေးမကင်းတဲ့ ဆီသုံးစွဲမှု အလေ့အထဟာ ကျန်းမာရေးကို ဘယ်လိုမှအထောက်အကူမဖြစ်ဘူး ဆိုတာ သိသာတဲ့အတွက် ဘယ်လိုဆီ အမျိုးအစားပဲ ဖြစ်ဖြစ် အနည်းဆုံးပမာဏနဲ့ လျှော့ချသုံးစွဲသင့်တယ် ဆိုတဲ့အဖြေပဲ ထွက်ပါလိမ့်မယ်။ ငါတို့သုံးတဲ့ဆီမှာ အရောအနှောတွေပါနေလား၊ ဓာတုပစ္စည်းတွေ ထည့်ထားသလား စတဲ့ ဘေးကင်းစိတ်ချရမှုကို လွယ်လွယ်နဲ့ မသိနိုင်ပါဘူး။ ဒါကြောင့် မိမိဘက်က လျှော့သုံးဖို့ကိုပဲ အကြံပြုလိုခြင်းဖြစ်ပါတယ်။ ဆီပြန်ဟင်းတွေ၊ ရွှဲနေတဲ့ဆီတွေ၊ အပြင်မှာ ထွက်စား တတ်တဲ့ အလေ့အကျင့်တွေ မေ့ထားလိုက်စေချင် တယ်။ နိုင်ငံအဆင့်အနေနဲ့က စားသုံးဆီဈေးကွက် ကွင်းဆက်အဆင့်ဆင့်မှာ ဖူလုံရေးကို အထူးပြု ဆောင်ရွက်နေသလို ကျန်းမာရေး အသိအမြင် နဲ့တကွ ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေမျှတအောင် ချင့်ချိန်သုံးစွဲ ရမှာကလည်း မိမိအကျိုးအတွက် မိမိရဲ့ တာဝန်ပါပဲ။
နောက်ဆုံးတော့ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတဲ့တန်ဖိုး ကို ဘာနဲ့မှမလဲဘဲ မိမိတို့ရဲ့ဘဝအဆင့်အတန်းကို မြင့်သည်ထက်မြင့်မားအောင်သာ အလေ့အကျင့် လုပ်ကြစို့ဟူ၍သာ အကြံပြုလိုက်ပါရစေ...။ ။
- Log in to post comments