
ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ များနှင့် လိုက်လျောညီထွေဖြစ်စေရန် ခရိုင် ခြောက်ခရိုင်၊ မြို့နယ် ၂၆ မြို့နယ်၊ မြို့ ၄၅ မြို့၊ ရပ်ကွက် ၃၀၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉၂၀ နှင့် ကျေးရွာ ၁၁၈၆၀ တို့ဖြင့် ဖွဲ့စည်းထားသည်။
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်း၊ အင်းအိုင်ပေါများသော ဒေသတစ်ခုဖြစ်သည့် အားလျော်စွာ ပြည်သူများသည် ရေလမ်းတစ်ခု တည်းကိုသာ အဓိကအားထား၍ သွားလာ ကူးသန်းနေကြရခြင်းဖြစ်ပြီး စီးပွားရေးမှာ လည်း မိရိုးဖလာစီးပွားရေးလုပ်ငန်းဖြစ်သောစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကိုသာ လုပ်ကိုင်လျက်ရှိကြသည်။ စိုက်ပျိုးရေးဘက် တွင်မူ လယ်ယာထွက်ကုန် ဆန်စပါးများ ပေါများ၍ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်၏ စပါးကျီဟု တင်စားရလောက်သည့် ဝိသေသထူးတစ်ခုကို ပိုင်ဆိုင်ရရှိထားသည်။
ယခုအခါမှာ ဧရာဝတီတိုင်းဒေသကြီးသည် ထူးကဲ၍ ဖွံ့ဖြိုးဝေစည် ဧရာဝတီအဖြစ်သို့
ရောက်ရှိနေပြီဖြစ်သည်။ အကြောင်းကား ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံတော်က ရာသီမရွေးသွားလာနိုင်သော ကားလမ်း ကွန်ရက်များ ဖောက်လုပ်ပေးလိုက်ခြင်း ကြောင့်ဖြစ်သည်။ လမ်းကွန်ရက်များကို မူလက ငါးသွယ်ဖြင့် စခဲ့သော်လည်း ၁၁ သွယ်အထိ ဖြစ်လာခဲ့သည်။ ယင်းတို့မှာ မအူပင်-ရေလဲလေး-ရွှေတောင်မော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်း (၄၄ မိုင် ခြောက်ဖာလုံ)၊ မော်လမြိုင်ကျွန်း-လှိုင်းဘုန်း - သစ်ပုတ်ကွင်း - ပေါက်-ပြင်စလူလမ်း (၇၂ မိုင် သုံးဖာလုံ)၊ လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်း(၃၅ မိုင် နှစ် ဖာလုံ)၊ လပွတ္တာ(ကျောက်ဖျာလေး)သုံးခွ-အုတ်တွင်း-ထိပ်စွန်းလမ်း (၅၅ မိုင် တစ် ဖာလုံ)၊ ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ လမ်း(၄၂ မိုင်)၊ ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်း (၃၈ မိုင် ငါးဖာလုံ)၊ ဖျာပုံ-ကျုံကဒွန်း-ဒေါ်ငြိမ်း-အမာလမ်း (၅၁ မိုင်)၊ ကျုံကဒွန်း-စက်ဆန်းလမ်း (၁၇ မိုင် ခြောက်ဖာလုံ)၊ ဂျက်ကာ-စိန်တောင်-မော်တင်စွန်းလမ်း (၉၅ မိုင်)၊ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြလမ်း (၂၂ မိုင် ငါးဖာလုံ)၊ ပုသိမ်- ငပုတောလမ်း (၁၉ မိုင် ငါးဖာလုံ) စုစုပေါင်း လမ်းကွန်ရက် ၁၁ သွယ်၊ မိုင်ပေါင်း (၄၉၄ မိုင် ၃ ဖာလုံ)တို့ဖြစ်သည်။
တံတားများကဏ္ဍတွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ညောင်တုန်း တံတား၊ ဗိုလ်မြတ်ထွန်းတံတား၊ ပုသိမ် တံတားအမှတ်(၁)၊ (၂)၊ မြောင်းမြတံတား၊ လေးမျက်နှာတံတား၊ ဝါးခယ်မတံတား၊ ရွှေသောင်ယံတံတား၊ ဝေါ်ကဲတံတား စသည့် ပေ ၁၈၀ အထက် တံတားကြီး ၉၃ စင်း၊ ပေ ၁၈၀ အောက် ကွန်ကရစ် တံတား ၉၄၂ စင်း၊ ဘေလီတံတား ပေ ၁၈၀ အထက် ၄၄ စင်း၊ ပေ ၁၈၀ အောက် ၆၁ စင်း၊ သစ်သားတံတား ပေ ၁၈၀ အထက် ကိုးစင်း၊ ပေ ၁၈၀ အောက် အစင်း ၅၀ ၊ ရေပြွန်/ရေကျော် တံတား ပေ ၁၈၀ အောက် အစင်း ၁၅၆၀ ရှိပြီး တံတားစုစုပေါင်း ၂၇၅၉ စင်း တည်ဆောက်ပေးထားသည်။
ယင်းသို့ နိုင်ငံတော်က တည်ဆောက် ဖောက်လုပ်ပေးလိုက်သော လမ်းကွန်ရက် များ၊ တံတားစီမံကိန်းကြီးများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း အလျား လိုက် လမ်းမကြီးလေးသွယ်ဖြစ် သည့် ရန်ကုန် - ညောင်တုန်း - ဓနုဖြူ-ငသိုင်းချောင်း-ဂွ-သံတွဲ-တောင်ကုတ်-ဆနဲခမောင်း - တပ်တောင်း - အမ်း-မြောက်ဦး - ကျောက်တော် - ဘူးသီး တောင် - မောင်တော - စစ်တွေကား လမ်း၊ ပုသိမ် - ငသိုင်းချောင်း-ကွင်းကောက်- ဘက်ရဲ- ဥသျှစ်ပင်- ပဒန်း- ကံပြား- ကဇွန်းမ- မြိုင်- ဆားလင်းကြီး- မုံရွာကားလမ်း၊ ပုသိမ်- ရေကြည်-ကျုံပျော်- အထောင်-ဟင်္သာတ-အင်္ဂပူ-မြန်အောင်-ကြံခင်း - ဘက်ရဲ ကားလမ်း၊ ပုသိမ်-မော်တင်စွန်း ကားလမ်းနှင့် ပြည်ထောင်စု စာရင်းဝင် ကန့်လန့်ဖြတ်လမ်းမကြီး ကိုးသွယ်ဖြစ်သည့် ရန်ကုန်-ညောင်တုန်း-ဓနုဖြူ-ငသိုင်းချောင်း-ဂွ၊ ရန်ကုန်-ညောင်တုန်း-ပန်းတနော်-ဝါးခယ်မ-ကျုံမငေး-လပွတ္တာ၊ ရန်ကုန်-ညောင်တုန်း-ကျောင်းကုန်း - ပုသိမ်၊ ရန်ကုန်-ကျိုက်လတ်-မော်လမြိုင်ကျွန်း၊ ရန်ကုန်-ဒေးဒရဲ- ဖျာပုံ-ဘိုကလေး-ကျိုက်ပိ-မော်လမြိုင်ကျွန်း၊ ရန်ကုန်- ဒေးဒရဲ- ဖျာပုံ- ကျုံကဒွန်း- ဒေါ်ညိမ်း- ဆိတ်မ-အမာ၊ ရန်ကုန်- တွံတေး- မအူပင်- မော်လမြိုင်ကျွန်း၊ ပုသိမ်- ငပုတော- လပွတ္တာ၊ ပုသိမ်- မြောင်းမြ- လပွတ္တာ၊ အလျားလိုက်နှင့် ကန့်လန့်ဖြတ်လမ်းမ ကြီးများနှင့် ဆက်သွယ်ပေါင်းဆုံပြီး ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ယခင် က ရေလမ်းခရီးမော်တော်စီး၍ သွားလာ နေရသည့်ဘဝမှ ယခုအခါ ကားနှင့် ပတ်၍ရ သည်အထိ တိုးတက်လျက်ရှိနေပြီဖြစ်သည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်- မုံရွာ- ရေဦးလမ်းမကြီး ဖောက်လုပ် ခြင်းနှင့် ရေနံမြေသစ်များ ရှာဖွေတွေ့ရှိ ခြင်း စသောစီမံကိန်းကြီးများသည်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင် သူများအတွက် အားတက်သဖွယ် ဖြစ်ရ သည်။ ယင်းနောက် မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာ ရေနံမြေများကို ရှာဖွေတွေ့ရှိ သောအခါ “ရွှေမည်းကို မြေထဲက တူးဖော် နိုင်ပြီ” ဟု ကြွေးကြော်နိုင်ခဲ့သည်။
ထို့နောက် ရန်ကုန်မြို့မှ အနောက် စူးစူးသို့ ထိုးထွက်လာသော အမှတ်(၅)ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးနှင့် တံတားကြီးများ၊ လမ်းကွန်ရက်များ၊ မြစ်ရေတင်စီမံကိန်းများ၊ ၎င်းစီမံကိန်းများ ၏ အကျိုးဆက်ဖြစ်သော မိုးစပါး၊ နွေစပါး များ၊ တက္ကသိုလ်နှင့် ကောလိပ်များ၊ အဏ္ဏဝါ သိပ္ပံသုတေသန ဓာတ်ခွဲခန်းများ၊ ရုပ်မြင် သံကြား ထပ်ဆင့်လွှင့်စက်ရုံများနှင့် မိုက်ခရိုဝေ့ဖ်စခန်းများ၊ ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများ၊ ပြည်တွင်းဂြိုဟ်တုဆက်သွယ်ရေးစခန်းနှင့် ပြည်ပရေအောက် ကေဘယ်လ်စခန်း များ၊ တိုင်းဒေသကြီးအတွင်း ပေါ်ထွက်လာ သောအပန်းဖြေစရာ ငွေဆောင်၊ ချောင်းသာ တို့လို သဘာဝကမ်းခြေ အလှအပများ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများနှင့် အခြားသော မွေးမြူရေးကဏ္ဍ၊ သစ်တော ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍသစ် စသည်တို့ဖြင့် ဧရာဝတီတိုင်း ဒေသကြီးသည် ယခုအခါ ဖွံ့ဖြိုးဝေစည် နေပြီဖြစ်သည်။