ဖွံ့ဖြိုးရှင်သန်လှပ မဲနယ်တောင်တန်းဒေသ (၁)

Type
၅

 

ဝ ထ က လ သ (နတလ)

 

တာဆွတ်တိန်း
“တာဆွတ်တိန်း” ကူးတို့ဆိပ်သည် နမ့်တိန်းချောင်း နှင့် သံလွင်မြစ်တို့   ဆုံရပ်ဖြစ်၏။ 
နမ့်တိန်းချောင်းသည်      လင်းခေးမြို့နယ်ကို ဖြတ်သန်းစီးဆင်း၍ တာဆွတ်တိန်းဆိုသော အရပ်၌ “သံလွင်မြစ်” အတွင်းသို့   စီးဝင်သည်။  နမ့်တိန်း ချောင်းရေတို့သည် အဝါရောင်ဖြစ်ပြီး သံလွင်မြစ်ရေ သည် အဖြူရောင်ဖြစ်၏။ အဝါရောင်နှင့်    အဖြူရောင် ရေအလျဉ်တို့သည် စတင်တွေ့ဆုံရာအရပ်၌ အရောင် တစ်ကန့်စီ ကွဲနေကြသေး၏။ သို့သော် ထိုချောင်းရေနှင့် မြစ်ရေတို့သည် တစ်မိုင်ခန့်အရောက်တွင်  တစ်ပေါင်း တည်း  ပေါင်းစည်းသွားပြီး အေးချမ်းခြင်း သင်္ကေတ အဖြစ်     တငြိမ့်ငြိမ့်နှင့်    ကြည်လင်တောက်ပစွာ  တစ်ရောင်တည်း        တစ်သွေးတစ်သားတည်း      ဆက်လက်စီးဆင်းသွားလေ၏။    ပြည်ထောင်စု   မြစ်တစ်စင်းသည် ရှမ်းပြည်နယ်မှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ကို   ဖြတ်သန်းလျက်    မုတ္တမပင်လယ်ကွေ့သို့  စီးဝင်ကြပေလိမ့်မည်။ 

 


၁၉၈၃ ခုနှစ်   ဖေဖော်ဝါရီလ  နောက်ဆုံးပတ်၏ တစ်ရက်တွင် ထိုတာဆွတ်တိန်း ကူးတို့ဆိပ်၌ တစ်ည တာ စခန်းချ  ရပ်နားခဲ့ဖူးသည်။     အရှေ့အနောက် တောင်မတ်မတ်တို့    ဝန်းရံနေသော    သဲသောင်ပြင်၌ ချောင်းရေနှင့် မြစ်ရေပူးပေါင်းသံ တဝုန်းဝုန်း၊ သံလွင် မြစ်ရေစီးသံ၊ တောတောင်တို့၏ သစ်ရွက်လှုပ်ခတ်သံ၊ သားကောင်ကြီးငယ်တို့၏ ပြေးလွှားအော်မြည်သံတို့ကို ဂီတသံစဉ်အဖြစ် ခံစားခဲ့ရသည်ကို  အမှတ်ရနေဆဲ ဖြစ်၏။ စာရေးသူပါဝင်သော  တပ်မတော်စစ်ကြောင်း သည်   မိုးနဲ၊   လင်းခေးနှင့်    မောက်မယ်နယ်မြေမှ ဆီဆိုင်နယ်မြေအတွင်းသို့         နယ်မြေစိုးမိုးရေး တာဝန်ဖြင့် လှုပ်ရှားချီတက်ခဲ့ကြခြင်း    ဖြစ်သည်။ စစ်ကြောင်းသည်      ညအိပ်ပြီး   နောက်တစ်ရက် ဖေဖော်ဝါရီ နေပူကျဲကျဲတွင်     သံလွင်ကမ်းခြေမှ “လွယ်မောတောင်ကြော”၏ မတ်စောက်မြင့်မားသော တောင်နံရံတို့ကို စတက်ရင်း ခရီးပြင်း    နှင်ခဲ့ကြရ ပြန်သည်။ 

 


ပေ ၇၀၀၀ ကျော်ခန့် မြင့်သောတောင်ကြောသို့ တစ်ခါတစ်ရံ ၄၅ ဒီဂရီ၊ တစ်ခါတစ်ရံ ၆၀ ဒီဂရီ ခန့် အစောင်းရှိသော    တောင်စောင်းတစ်လျှောက် တက်ကြရ၏။ အတက်ကြမ်းလေစွ။    တစ်ခါတစ်ရံ ခပ်ပြေပြေ လျှောက်ကြရ၏။ လမ်းတစ်လျှောက် လေတိုက်လိုက်တိုင်း  လေနှင့်အတူ     ဝေ့ဝေ့ဝဲဝဲ ပြန့်ကြဲနေသော     ရွက်ကြွေတို့ကို   နင်းလျှောက်ရ၏။ တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ သံလွင်မြစ် သည် မြင်ကွင်းမှ   ပျောက်ကွယ်ခဲ့လေပြီ။   ကျေးရွာမရှိ၊ ရေမရှိ၊ လူသွားလမ်းကြောင်းသာရှိ၏။   ထင်းရှူး တောတို့က  မြင့်မားစိမ်းလန်း  နေလေ၏။ ထင်းရှူး ရွက်လေတိုးသံ   တရှဲရှဲ၊   ထင်းရှူးသီးတို့ ကြွေကျသံ တဖုတ်ဖုတ်တို့ကို   ခံစားရင်း    ကျောက်တောင်၊ ကျောက်တုံး တောင်စွန်းများ ပြည့်နှက်နေသောအကွေ့ အကောက်များနှင့် မတ်စောက်ပြီး    ကျဉ်းမြောင်း လွန်းလှသည့် တောင်ကြောတို့ကို   ဖြတ်သန်းရ၏။ 

 


ထိုနေ့ နံနက်ပိုင်း ၁၀ နာရီခန့်မှစ၍ တောင်ကြောသို့ တက်ခဲ့ရာ ည ၁၀ နာရီ ခန့်မှ    တောင်ကြောပေါ်သို့ ရောက်တော့၏။ စခန်းချကြသည်။    ညစာငတ်၏။ ရေပြတ်၏။ စစ်သည်တော်တို့   ရေဆာသောဒဏ်ကို တစ်ညလုံး အလူးအလဲခံရ၏။ မိမိတံတွေး မိမိတို့ မျိုချကြရ၏။  နောက်တစ်နေ့   တောင်ကြောပေါ်မှ တောင်အောက်သို့ ဆင်းရပြန်၏။  ထိုထင်းရှူးတောလမ်း ဘေးကနေ  အောက်ဘက်တောင်ခြေရှုခင်းလယ်ကွင်း တွေရှိသော   လွင်ပြင်တချို့ကို        လှမ်း၍မြင်ရ၏။ သာယာအေးချမ်းသည့်  မြင်ကွင်းများပင် ဖြစ်ပေ၏။  နံနက် ၁၁ နာရီကျော်ခန့်တွင်      တောငှက်ပျောတော တစ်အုပ်ကို ဖြတ်သန်းရ၏။       ရေဆာနေသော စစ်သည်တော်တို့သည်    ငှက်ပျောပင်ကို  ခုတ်ကြ၍ ငှက်ပျောအူတိုင်ကို    ရေဆာပြေ     စုပ်ကြ၏။     အနီးအနားရှိ  ရွှံ့အိုင်ထဲမှ     ပိုးမွှားများ  ပြည့်နေသည့်   ရေနောက်နောက်တို့ကိုလည်း  အငမ်းမရ   လက်ခုပ်ဖြင့် ယူ၍ သောက်ကြရ၏။

 


ဤသို့  မဲနယ်တောင်တန်းများ၏   မှတ်မှတ်ရရ စတင်ကြိုဆိုမှုကို    တစ်ဘဝစာ   မမေ့နိုင်ခဲ့ပေ။ တောင်တက်ခရီးသွားဖူးသမျှထဲမှာ     အပင်ပန်းဆုံး ဖြစ်ခဲ့သည်။ သို့သော်   ပြန်လည်စိတ်ကူးမိလေတိုင်း ထည်ဝါလှသည့် မဲနယ်တောင်တန်း၏ သင်းပျံ့သည့်ရနံ့ ကို  ခံစားရပြန်ပါသည်။   ပျင်းရိခြောက်သွေ့သော နွေရက်တို့သည်    တောင်တန်းများကြောင့်    ပိုမို ခမ်းနားခဲ့သည်ဟုလည်း ထင်မိပြန်သည်။

 


တောင်စွယ်တန်းတန်း၊ တောလမ်းကွေ့ကွေ့
တက်လမ်း မတ်မတ်၊ ဆင်းလမ်းစောက်စောက်
ကျောက်လမ်းကျဉ်းကျဉ်း၊ လှရှုခင်းနှင့်
သည်ထင်းရှူးတော၊ မြစိမ်းကြောမှ
မတ်စောက်မြင့်ခေါင်၊ အို....... မဲနယ်တောင်
ပြာမှောင်မည်းဘိ၊ ထည်လွန်းဘိလည်း
အဆင်းလည်းမမှု၊ အမြင့်လည်းမကြောက်
ငါတို့လက်မမြှောက်၊
ဒူးမထောက်ခဲ့...ဟု ရင့်ကြူးမိခဲ့ပါသေးသည်။

 


မဲနယ်တောင်တန်း


ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြသည့် “လွယ်မော တောင်တန်း”သည်    မိုင် ၃၀ ခန့်    ရှည်လျား၏။ လွယ်မောတောင်တန်းနှင့်  မဲနယ်တောင်တန်းတို့သည် တစ်ဆက်တစ်စပ်တည်းတည်ရှိ၏။ မဲနယ်တောင်တန်း သည် ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ် ဧရိယာအတွင်း တည်ရှိသည်။    တောင်မြောက်  သွယ်တန်းလျက်ရှိ၏။ အလျားမိုင် ၃၀ ခန့်၊   အနံ ၁၂ မိုင်ခန့်နှင့် အမြင့်ပေ ၇၀၀၀ ခန့် ရှိလေသည်။ တောင်ဇလပ်ပန်းများပွင့်သည့် အမြင့် ၈၂၆၃ ပေရှိ လွယ်မိုင်းတောင်သည် အမြင့်ဆုံး ဖြစ်သည်။

 


မဲနယ်တောင်ဝန်းကျင်၌ ဖက်ရမ်းကျေးရွာအုပ်စု၊ စံဖူးကျေးရွာအုပ်စု၊   နောင်လိုင်ကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စုလေးစု ရှိသည်။  ပအိုဝ်းလူမျိုးများ  နေထိုင်ကြပြီး ကျေးရွာ ပေါင်း ၅၈ ရွာ၊ အိမ်ခြေပေါင်း ၄၉၂၂ အိမ်နှင့် လူဦးရေ ၂၆၀၀၀ နီးပါး နေထိုင်ကြလေသည်။ 

 


မြင့်မားသော    တောင်တန်း၊    တောင်သွယ်၊ တောင်လက်မောင်းများဖြင့် ဆောင်းတွင်းကာလမှာ အအေးဒဏ်လွန်ကဲသည့် ရာသီဥတုရှိလေသည်။ ဆောင်းတွင်းဖြစ်သော်လည်း မိုးက  ရွာချတတ်ပြန် သေးသည်။ သို့သော် သဘာဝတောင်တန်း၊ သစ်တော အလှအပများ၊ ရိုးသားမှုအပြည့်နှင့် ရွာလေးများဖြင့် အေးချမ်းသာယာလှပသော ဒေသတစ်ခုဟု   ဆိုရ ပေမည်။

 


လက်နက်ကိုင်လမ်းစဉ်၏ ဆိုးကျိုး

 

ဤ‌ဒေသသည် တစ်ချိန်က    ဘိန်းခင်းများစွာ ရှိခဲ့ဖူးသော ဒေသဖြစ်ခဲ့၏။ ဤဒေသ၌ စစ်ပွဲတို့၏ အနိဋ္ဌာရုံဖြစ်သော  တိုက်ပွဲတို့၏   ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ ဒဏ်ရာရသူတို့၏  ညည်းတွားသံများ၊ အောင်ပွဲရသူတို့၏ ကြိမ်းဝါးသံများ၊ ဆုံးရှုံးသူတို့၏ ကြေကွဲသံများ၊ ဒေသခံများ၏ အပူမီးများသည် မဲနယ်တောင်တန်းဒေသ ရင်ခွင်တွင်   ပဲ့တင်ထပ်ခဲ့ ဖူးသည်။  

 


တာဆွတ်တိန်းကူးတို့ဆိပ်နှင့် နောင်ထော်ရွာ (Nawngtaw)သည်  ၄၅ မိုင်ခန့် ကွာဝေးပါသည်။ စာရေးသူတို့စစ်ကြောင်းသည်    ဆီဆိုင်နယ်မြေတွင် လှုပ်ရှားရင်း ၁၉၈၃ ခုနှစ် မတ် ၂ ရက် တောင်သူ လယ်သမားနေ့တွင် ပွန်ချောင်းအရှေ့ခြမ်း   ကဒူးကြီး၊ ကဒူးလေးဒေသ ဦးတာကလယ်၏  မွေးရပ်မြေ ဖြစ်သော “နောင်ထော်”  ရွာအဝင် ပွန်ချောင်းအတက် ကွမ်းသီးတော၌   ညတိုက်ပွဲ    ပြင်းထန်စွာ   ဖြစ်ခဲ့ဖူး သည်။

 


ဟဲဟိုးအခြေစိုက် ခြေမြန်တပ်ရင်းနှင့် ဦးတာကလယ် ၏ ရလလဖ(အနီ)၊    သံလွင်မြစ်     အရှေ့ခြမ်းရှိ ဗကပကော်(၈၁၅) တိုက်ခိုက်ရေးတပ်တို့ ပူးပေါင်း ထားသောတပ်များ၏ ရင်ဆိုင်တိုက်ပွဲ ဖြစ်သည်။ ရန်သူသည်  မိမိတို့ထက် အင်အားနှစ်ဆခန့်သာ သည်။

 


ထိုထိတွေ့မှုတွင်  တပ်မတော်သားအချို့သည်  နိုင်ငံတော်၏ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရင်း  အသက်ခန္ဓာ  စွန့်လွှတ်ခဲ့ရသည်။ အချို့ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ စစ်ပွဲဆိုသည်မှာ ပန်းနှင့်ပေါက်တာ  မဟုတ်၊   ခဲတံနှင့် ရေးခြစ်ခြင်း မဟုတ်သည့်အတွက် တစ်ဖက်အဖွဲ့များသည်လည်း ထိခိုက်ဒဏ်ရာရ ကျဆုံးမှု    များစွာရှိခဲ့လေသည်။ “စစ်” ကြောင့် နိုင်ငံတော်၏  အနာဂတ်   အပင်၊ အရွက်၊ အသီးတို့ ကြွေခဲ့ကြရသည်။

 


နယ်ချဲ့တို့၏ အမွေဆိုးများဟုပင် ဆိုရပေမည်။ သူတို့သည်  တောင်ပေါ်မြေပြန့်   သွေးခွဲအုပ်ချုပ် ခဲ့ကြသည်။   ဒေသတစ်ခုနှင့်တစ်ခု    မတူညီသော အုပ်ချုပ်ပုံ စနစ်များ  ကျင့်သုံးခဲ့ကြသည်။    ဘိန်းစိုက်ပျိုး ခြင်းကို နည်းလမ်းပြခဲ့သည်။      ထိုအမွေဆိုးကို “ဗကပ”က ဆက်ကျင့်သုံးသည်။  တိုင်းရင်းသားများအား ဘိန်းစိုက်ခိုင်းပြီး   လက်နက်ကိုင်   ဩဇာခံများကို မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းလုပ်ငန်းဖြင့်  ရှင်သန် ရပ်တည်စေခဲ့သည်။ ထိုသည်ကို ကြိုက်သည့် အဖွဲ့ အစည်းများရှိသလို မကြိုက်သည့်   အဖွဲ့အစည်း များလည်း ရှိသောအခါ အဖွဲ့ခွဲများ ပေါ်ပေါက်လာတော့ သည်။  အချင်းချင်းတိုက်ခိုက်ကြတော့သည်။ နယ်မြေ မအေးချမ်းမှုများနှင့်အတူ ထိုနယ်စပ်ဒေသများသည် ဖွံ့ဖြိုးမှု များစွာနောက်ကျခဲ့ရလေပြီ။

 


တရားဥပဒေဘောင်အတွင်းသို့


လက်နက်ကိုင်လမ်းစဉ်နှင့်  မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဟူသည့် ရှင်သန်မှုနှစ်ခုသည် ဆန့်ကျင် ဘက်ခြားနားကြောင်း သိရှိလာသည့် တိုင်းရင်းသား အဖွဲ့အစည်းများသည် ၁၉၈၉ ခုနှစ်မှစ၍ တရားဥပဒေ ဘောင်အတွင်းသို့ စတင်ဝင်ရောက်ခဲ့လေသည်။
“နာကြည်းမှုတွေကို မေ့ပစ်ပါ။ ကြင်နာမှုတွေကို တော့ မမေ့ပါနှင့်” ဟူသော    ဆိုစကားအတိုင်း အတိတ်အကြောင်းတွေ    ခဏဘေးဖယ်ထားပြီး အနာဂတ်အတွက် ဆွေးနွေးခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်   လမ်းကြောင်းမှန်ပင် ဖြစ်သည်။

 


နိုင်ငံတော်သည် ထိုအချိန်မှစ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင်အကောင်အထည် ဖော် ဆောင်ရွက်ပေးခဲ့သည်။ 
ဤတွင်    အင်းလေး၊   ပင်လောင်း၊    ဆီဆိုင်၊ ကျောက်တန်း၊    မဲနယ်တောင်တန်းနှင့်   ဟိုပုံး မြောက်ခြမ်းဒေသတွင်       လှုပ်ရှားခဲ့သော   ဦးအောင်ခမ်းထီ၏ PNO (Pa-O National Organization) အဖွဲ့သည် ၁၈- ၂-  ၁၉၉၁ တွင် တရားဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

 


ထို့နောက် ပွန်ချောင်းအရှေ့ခြမ်း   ကဒူးကြီး- ကဒူးလေး၊ မဲနယ်တောင်ကြောနှင့် ဟိုနမ့်ဒေသတွင် အဓိကလှုပ်ရှားခဲ့သူ ဦးတာကလယ်၏ “ရလလဖ” အဖွဲ့သည်လည်း ၉- ၁၀- ၁၉၉၄ တွင် တရားဥပဒေ ဘောင်အတွင်း ထပ်မံဝင်ရောက်လာပါတော့သည်။
နိုင်ငံတော်သည်    အပစ်အခတ်ရပ်စဲရေး   ရယူ သဘောတူညီပြီးနောက် “ရလလဖ” အဖွဲ့အခြေပြု သည့်ဒေသကို ရှမ်းပြည်နယ်(တောင်ပိုင်း) အထူးဒေသ (၁၃)အဖြစ် သတ်မှတ်ပေးခဲ့သည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား နိုင်ငံတော်က နွေးထွေးစွာ  ကြိုဆိုခဲ့သည်။

 


လက်နက်ကိုင် အဖွဲ့အစည်းများအတွက် အထူး ဒေသများ   သတ်မှတ်ပေးခဲ့ပြီး    ဒေသဖွံ့ဖြိုးရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ အပစ် အခတ် ရပ်တန့်ပေးရန် အချိန်ကာလများကို သဘော တူညီချက်များ   ပေးခဲ့သည်။ ရပ်တည်ရေးအတွက် ရိက္ခာ၊ ငွေကြေးထောက်ပံ့ပေးခြင်းများ၊ လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ      ချက်ချင်း ဆောင်ရွက်ပေးခဲ့သည်။
လမ်း/တံတား၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊   စိုက်ပျိုးရေး၊   သစ်တော၊ မွေးမြူရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေး၊ သတ္တု တူးဖော်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊    အိမ်ရာ ဆောက်လုပ်ရေး၊    စီမံခန့်ခွဲရေးနှင့်  ဘဏ္ဍာရေး၊ စာရင်းစစ်ဆေးရေး၊   သာသနာရေး၊   ပြည်ထဲရေး၊ လူမှုဝန်ထမ်းနှင့်   သမဝါယမလုပ်ငန်း   ကော်မတီ စသည့်လုပ်ငန်းကော်မတီ ၁၈ ရပ်ကို  ဖွဲ့စည်းကာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ   ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်ပေး နိုင်ခဲ့သည်။ 

 


ဆိုရသော် ထိုအချိန်ကာလများကစ၍ မဲနယ် တောင်အရှေ့ခြမ်းနှင့်      အနောက်ခြမ်းဒေသများ အားလုံး၊ မြောက်ပိုင်းက   ဟိုပုံး၊     ကျောက်တန်း၊ လက်သဲ့ဒေသများပါမကျန် ပွန်ချောင်း၏ အရှေ့ဘက်က မိုးနဲ၊ မောက်မယ်၊ ကျိုင်းတောင်း၊ ကျိုင်းခမ်း၊ ကဒူးကြီး၊ ကဒူးလေးဒေသများ၊ ဆီဆိုင်၊ ပင်လောင်းနှင့် တီကျစ်၊ နောင်တရားဒေသများ    အပါအဝင်     နေရာဒေသ အားလုံး တည်ငြိမ်အေးချမ်းခဲ့သည်။ နိုင်ငံတော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 
မဲနယ်တောင်တန်းကြီးပေါ်သို့ ဖြာဆင်းလာသော ငြိမ်းချမ်းရေးရောင်ခြည်သည် ပအိုဝ်းဒေသများ အားလုံးကို အေးမြစေခဲ့သည်၊ ဖွံ့ဖြိုးတိုးတက်စေခဲ့ သည်မှာ အငြင်းပွားဖွယ်ရာ  မရှိပေ။

 

 

နယ်စပ်ရေးရာဝန်ကြီးဌာန


၂၄- ၉- ၁၉၉၂ တွင် စတင်ဖွဲ့စည်းသန္ဓေတည်ခဲ့ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နယ်စပ်ဒေသရှိ လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အဓိကထား အကောင် အထည်ဖော်ဆောင်ရွက်ပေးနေသည့်   နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် “မဲနယ်တောင်တန်း နှင့် ပွန်ချောင်း ဒေသ”တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ မြေသားလမ်း ၆၃ မိုင်၊ ကျောက်လမ်း ၄၇ မိုင် ခုနစ်ဖာလုံ၊   ကတ္တရာလမ်း ငါးမိုင်လေးဖာလုံ၊ ကွန်ကရစ်တံတားသုံးစင်း၊   မီးလင်းရေးလုပ်ငန်း တစ်ခုတို့ကို စုစုပေါင်းရန်ပုံငွေ ၃၆၄၄ ဒသမ ၀၄၁ သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


၁၉၈၉- ၁၉၉၀ ဘဏ္ဍာနှစ်မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာ နှစ်အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ဆိုလျှင် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊  လမ်းတံတားလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊  အိမ်ရာဆောက်လုပ်ရေး လုပ်ငန်း၊  စွမ်းအင်လုပ်ငန်း၊    လူမှုဝန်ထမ်းနှင့် သမဝါယမလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ပညာရေး လုပ်ငန်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၊ ပြည်ထဲရေး ဆိုင်ရာလုပ်ငန်း၊ သာသနာရေးလုပ်ငန်း၊ အထွေထွေ လုပ်ငန်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများ၊  ထောက်ပံ့ငွေ အသုံးစရိတ်များ၊ မူးယစ်အစားထိုးဖွံ့ဖြိုးရေး စီမံကိန်း များနှင့် သဘာဝဘေးလုပ်ငန်းများ စသည့်ဖွံ့ဖြိုးရေး ကဏ္ဍအသီးသီးအတွက် စုစုပေါင်းခွင့်ပြုရန်ပုံငွေ ကျပ် ၄၉၇၀၄ ဒသမ ၅ သန်းဖြင့် ဒေသခံများ၏ လိုအပ်ချက်ကို ပေါင်းစပ်ဖြည့်ဆည်း  ဆောင်ရွက် ပေးနိုင်ခဲ့ပြီး  ဖြစ်ပါသည်။ 

 


ထို့ကြောင့်     မဲနယ်တောင်တန်းဒေသတွင် မြေလမ်းများ၊    ကျောက်လမ်းများ၊    ကတ္တရာလမ်းများ၊ တံတားများ၊ ရေထုတ်ပြွန်များဖြင့်      သွားရေးလာရေး   ဖြောင့်ဖြူးခဲ့ပေပြီ။    ခရီးသွားလုပ်ငန်းများလည်း အတန်အသင့် ဖွံ့ဖြိုးခဲ့လေပြီ။  လမ်းပန်းဆက်သွယ်ရေး   တိုးတက်ခိုင်မာလာသည်နှင့်အမျှ     ထောပတ်၊ သနပ်ဖက်၊ ကော်ဖီတို့ကို  စီးပွားဖြစ် စိုက်ပျိုးနိုင်၍    ဝင်ငွေတိုးခဲ့ကြလေပြီ။   ကျေးရွာများတွင်  ဆိုလာမီး၊    လျှပ်စစ်မီးများဖြင့် အလင်းရောင်များ    ထိန်ထိန် ညီးခဲ့ပေပြီ။    သောက်ရေ  သုံးရေများ   ပေါကြွယ် ခဲ့ပေပြီ။    စာသင်ကျောင်းများမှ ကလေးငယ်တို့၏ စာအံသံများ    လွင့်ပျံ့နေပေပြီ။     သာသနာရေး‌ ရောင်ခြည်သည်လည်း   ပိုမိုထွန်းလင်းတောက်ပ ခဲ့နေလေပြီ။

 


ဒေသခံများ၏ အပြုံးပန်းများနှင့်အတူ ရာသီ အလိုက်ပွဲတော်များမှ   အိုးစည်သံ၊   မောင်းသံ ဗေထုံညံတို့သည်လည်း  ဖွံ့ဖြိုးလှပနေသော မဲနယ် တောင်တန်းအနှံ့ ပျံ့နှံ့စည်ဝေခဲ့လေပြီ။    ။