
နေပြည်တော် အောက်တိုဘာ ၁၁
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်အဖွဲ့ (UNFCCC) အတွင်းရေးမှူးရုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဘူတန်နိုင်ငံ တော်ဝင်အစိုးရက အိမ်ရှင်အဖြစ်ဦးဆောင်၍ “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု ဝန်ကြီးများအစည်းအဝေး”ကို ယနေ့ညနေပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အဖွဲ့ဝင် ၄၆ နိုင်ငံမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ဆွေးနွေးသည်။
ဆွေးနွေး
ဖွင့်ပွဲအခမ်းအနားတွင် ဘူတန်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး H.E Dr. Tandi Dorji၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အတွင်းရေးမှူး H.E Patricia Espinosa ၊ (၂၆) ကြိမ် မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ ဥက္ကဋ္ဌ၊ အင်္ဂလန်နိုင်ငံမှ Mr. Archie Young ၊ (၂၅) ကြိမ် မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ ဥက္ကဋ္ဌ၊ ချီလီနိုင်ငံမှ Mr. Julio Cordano တို့က အဖွင့်မိန့်ခွန်း ပြောကြားပြီး တက်ရောက်လာကြသည့် LDC အဖွဲ့ ဝင်နိုင်ငံများ၏ ဝန်ကြီးများက နိုဝင်ဘာလတွင် ကျင်းပမည့် 26th Conference of the Parties (COP 26) တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု အနေဖြင့် အဖွဲ့၏ ရပ်တည်ချက်နှင့် ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ရလဒ်ကောင်းများ ရရှိနိုင်
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုနှင့်အတူ ရာသီဥတု ပြောင်းလဲမှုသည် လူမှုစီးပွားဖွံ့ဖြိုးမှုနှင့် ရှင်သန်မှု အပေါ် အဓိကခြိမ်းခြောက်နေသဖြင့် ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံများအုပ်စုအနေဖြင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် အလွန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုး ရေး၊ သစ်တောနှင့် မြေအသုံးချမှုကဏ္ဍ၊ ပြန်ပြည့်မြဲနှင့် စွမ်းအင်ချွေတာရေးကဏ္ဍများအတွက် ရည်မှန်းချက် များပါဝင်သည့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (NDC) ကို (UNFCCC) အတွင်း ရေးမှူးရုံးသို့ တင်သွင်းပြီးဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်အလွယ်ဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် ရာသီဥတုဒဏ်ခံနိုင်ရည် ရှိစေရေးနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်း များသည် နိုင်ငံ၏ ဦးစားပေးလုပ်ငန်းများ ဖြစ်ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှစ၍ ရာသီဥတုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရန် ဖွံ့ဖြိုးပြီး နိုင်ငံများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကို ကတိကဝတ်အတိုင်း ထည့်ဝင်စေရေး၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အထောက်အပံ့ရရှိရေး၊ ဆင်းရဲမှုလျှော့ချရေး၊ အမျိုး သားအဆင့် လိုက်လျောညီထွေရှိစေခြင်းအစီအစဉ် အကောင်အထည်ဖော်ရေး၊ ရေရှည်ရန်ပုံငွေအထောက် အပံ့မြှင့်တင်ရေးတို့ကို အလေးပေးဆောင်ရွက်ရန် လိုပါကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု၏ ရပ်တည်ချက်များကို ထင်ဟပ်သည့် သင်ဖူး ရည်မှန်း ချက်နှင့် လုပ်ဆောင်ချက်ဆိုင်ရာ အဆိုပြုကြေညာ ချက် (Thimphu Call for Ambition and Action) ကို အပြည့်အဝထောက်ခံပါကြောင်း၊ ယနေ့အစည်း အဝေးမှ (COP 26) တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ အုပ်စု၏ အဓိကရပ်တည်ချက်များကို ခိုင်မာစွာပြသ နိုင်ရန် စေ့စပ်ညှိနှိုင်းရေး ရလဒ်ကောင်းများ ရရှိနိုင် မည်ဟု မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြား သည်။
အတည်ပြုဆုံးဖြတ်ခဲ့
ပါရီရည်မှန်းချက်အရ ကမ္ဘာ့အပူချိန်တိုးမှုကို 1.5oC တွင် ထိန်းချုပ်နိုင်ရေးအတွက် ကာဗွန် ထုတ်လွှတ်မှု အများဆုံးနိုင်ငံများအနေဖြင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေး ရည်မှန်းချက်များ မြှင့်တင်ဆောင်ရွက်ရန်၊ ပါရီသဘောတူညီချက် ကတိကဝတ်နှင့်အညီ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ထည့်ဝင်ရန်၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာအထောက် အပံ့များပေးရန်၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု ၏ NDC ပါ ရည်မှန်းချက်များ၊ ရာသီဥတုဒဏ်ခံနိုင်မှု ရှိစေရေးနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်ရန်၊ ရာသီဥတုဆိုးကျိုး ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ရန်ပုံငွေ အထောက်အပံ့ရရှိရန်၊ ကာဗွန်ဈေးကွက်ဆိုင်ရာ နည်းဥပဒေများ ရေးဆွဲချမှတ်ရန်၊ ၂၀၅၀ တွင် အသားတင်ကာဗွန်ထုတ်လွှတ်မှုနှင့် ဖယ်ရှားမှု မျှခြေအထိ ရောက်ရှိစေရန် အချက်များပါဝင်သည့် သင်ဖူးရည်မှန်းချက်နှင့် လုပ်ဆောင်ချက်ဆိုင်ရာ အဆိုပြုကြေညာချက်ကို (COP 26)တွင် တင်ပြ နိုင်ရေးအတွက် အတည်ပြုဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်