
နေပြည်တော် ဒီဇင်ဘာ ၁၅
ချင်းပြည်နယ် ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့သူ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအား ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန် လူနာတင်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါအကြမ်းဖက်အဖွဲ့က လူနာတင်ယာဉ်အား ပစ်ခတ်တားဆီးကာ ဦးစီးအရာရှိအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် ချင်းပြည်နယ် ဖလမ်းမြို့နယ် ကျင်မွှာရပ်ကွက်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွား ရောက်စစ်ဆေးခဲ့ရာ ကျင်မွှာရပ်ကွက် ကလေး-ဖလမ်းကားလမ်းဘေးရှိ “ထီးရိပ်ဆိုင်ခွဲ(၂)” လက်ဖက်ရည်ဆိုင်၌ ဖလမ်းမြို့ဆည်မြောင်းဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်း (၅၇)နှစ် (ဘ)ဦးမြသောင်းသည် ၎င်း၏ မိတ်ဆွေတစ်ဦးနှင့်အတူ လက်ဖက်ရည်သောက်နေစဉ် CDF အကြမ်းဖက် လက်နက်ကိုင် နှစ်ဦးသည် ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်ရောက်ရှိလာပြီး ဦးသန်းဝင်းကို သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ ဦးသန်းဝင်း ပိုင် 2F/6226 SURF မော်တော်ယာဉ်အား ယူဆောင်မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း တွေ့ရှိရသည်။
သေနတ်ဒဏ်ရာ သုံးချက်ရရှိ
ထိုသို့ CDF အကြမ်းဖက်လက်နက်ကိုင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန်းဝင်းတွင် ဆီးခုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲလက်ပြင်အောက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ဝဲလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် စုစုပေါင်း သေနတ်ဒဏ်ရာ သုံးချက်ရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး ဖလမ်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ယနေ့ နံနက် ၁ နာရီခွဲတွင် ဒဏ်ရာရရှိသူ ဦးသန်းဝင်းကို ဖလမ်းမြို့ ပြည်သူ့ဆေးရုံမှ ကလေးမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူ နိုင်ရေး ဦးငယ်ပီးမောင်းနှင်ပြီး ဦးဒုဆန်းလိုက်ပါလာသော “ဖလမ်း လူငယ်အသင်း” ပိုင် လူနာတင်ယာဉ် 5M/7803 ဖြင့် သယ်ဆောင် မောင်းနှင်လာစဉ် ဖလမ်းမြို့နယ် ခေါလယ်လမ်းခွဲသို့အရောက်၌ CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အင်အား(စိစစ်ဆဲ)က လူနာတင် ယာဉ်အား လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ရပ်တန့်ကာ ဦးငယ်ပီးနှင့် ဦးဒုဆန်းတို့မှာ အသက်အန္တရာယ်မှ လွတ်မြောက်နိုင်ရေး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူနာတင်ယာဉ်ပေါ်တွင် ကျန်ရှိခဲ့သူ ဦးသန်းဝင်းကို CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ လူနာတင်ယာဉ်အား ပစ်ခတ်မှုဖြစ်စဉ်အတွင်း ယာဉ်မောင်းဖြစ်သူ ဦးငယ်ပီးတွင် ယာ လက်မောင်း၊ ယာလက်ပြင်နှင့် ယာချိုင်းအောက်တို့တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာသုံးချက် ရရှိခဲ့သဖြင့် လမ်ဘန်းတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေစဉ် CDF အကြမ်းဖက် လက်နက်ကိုင် သုံးဦး ရောက်ရှိလာပြီး ဦးငယ်ပီးနှင့် ဦးဒုဆန်းတို့၏ လက်ကိုင်ဖုန်း များအား သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် အကြမ်းဖက်လုပ်ရပ်များပြုလုပ်ခဲ့သူ၊ လူနာတင်ယာဉ်အား ဝိုင်းဝန်းအကြမ်းဖက်ပစ်ခတ်ခဲ့သူ CDF အကြမ်း ဖက်လက်နက်ကိုင်များကို နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းကာ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်