
မနီလာ ဒီဇင်ဘာ ၂၇
ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၁၈ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၈၇၉၂ ဦးအထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၁၁ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၅၁၂၁၁ ဦးအထိ ရောက်ရှိလာခဲ့သည်။
မကြာသေးမီ သီတင်းပတ်က နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လျော့နည်း ကျဆင်းလာကြောင်း၊ သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံ သည် အန္တရာယ်ဖြစ်နိုင်ခြေ ဆက်လက်ရှိနေသေး ကြောင်း ကျန်းမာရေးဌာနအကြီးအကဲ မာရီယာ ရိုဆာရီယို ဗာဂျီရီက ပြောကြားလိုက်သည်။
သို့သော်လည်း မြို့တော်မနီလာတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ တိုးနေသေးကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အနည်းငယ် တိုးနေသေးသည်ကို မိမိတို့တွေ့မြင်နေရကြောင်း၊ သို့သော်လည်း သိသာသည့်ပမာဏ မဟုတ်သေး ကြောင်း၊ မည်သို့ပင်ဆိုစေ ဆက်လက်တိုးလာနိုင် ကြောင်း မိမိတို့ကို သတိပေးနေသည်ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။
နိုင်ငံ၏ လေးဦးမြောက် အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူတစ်ဦးကို အမေရိကန်ပြည်ထောင်စုမှ ရောက်ရှိလာသော ခရီးသွားတစ်ဦးတွင် တွေ့ရှိခဲ့ကြောင်း၊ တွေ့ရှိခဲ့ သူမှာ အသက် (၃၈ နှစ်)ရှိ အမျိုးသမီးတစ်ဦးဖြစ် ကြောင်းနှင့် ဖိလစ်ပိုင်လေကြောင်းလိုင်းမှ တစ်ဆင့် မနီလာသို့ ဒီဇင်ဘာ ၁၀ ရက်က ရောက်ရှိလာ သူဖြစ်ကြောင်း ဗာဂျီရီက ပြောကြားသည်။
၎င်းသည် နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင် လျက်ရှိကြောင်းသိရသည်။ လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက်သုံးကြိမ် ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံး ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာ လတွင် မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက် တစ်နေ့တည်း ကိုဗစ်-၁၉ ဖြင့်ကူးစက်ခံရသူ ၂၆၃၀၃ ဦးဖြင့် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့် အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ ဒသမ ၅ သန်း ကျော်လွန်လာပြီဖြစ်သည်။
ဆင်ဟွာ