
မနီလာ ဒီဇင်ဘာ ၁၉
ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အင်အားအပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း တစ်ခု ဒီဇင်ဘာ ၁၇ ရက်တွင် ဖိလစ်ပိုင် နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ သေဆုံးသူ ၉၀ ထက် မနည်းရှိလာကြောင်း ယနေ့ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
အဆိုပါ “ရိုင်”အမည်ရှိ တိုင်ဖွန်း မုန်တိုင်းဝင်ရောက်မှုကြောင့် လက်ရှိ အချိန်၌ ပြည်သူသုံးသိန်းကျော်တို့သည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထို့အပြင် မုန်တိုင်းကြောင့် ဒေသအများ အပြားတွင် ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ် မီးပြတ်တောက်မှု၊ နေအိမ်အမိုးလန် ပျက်စီးမှုနှင့် ကွန်ကရစ်ဓာတ်တိုင် ပြိုလဲမှု များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒင်နာဂတ်ကျွန်းစုတွင် လူ ၁၀ ဦး သေဆုံးကြောင်း ဒေသ ဆိုင်ရာပြန်ကြားရေးအရာရှိ ဂျက်ဖရီး ခရစ်ဆော့စ်တိုမိုက အေအက်ဖ်ပီသတင်း ဌာနသို့ ပြောကြားသည်။ လတ်တလော အချိန်တွင် တာဝန်ရှိသူများက မုန်တိုင်း ကြောင့် သေဆုံးသူဦးရေအား သိရှိနိုင်ရန် တွက်ချက်လျက်ရှိသည့်အတွက် သေဆုံး သူဦးရေလည်း ထပ်တိုးလာဖွယ်ရှိသည်။
အဆိုပါမုန်တိုင်းသည် ဒီဇင်ဘာ ၁၇ ရက်က တစ်နာရီလျှင်ပြင်းအား ၁၉၅ ကီလိုမီတာနှုန်းဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းဒဏ် ကြောင့် ကမ်းရိုးတန်းဒေသများတွင် လူ ၁၀ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် မုန်တိုင်းဒဏ်သင့်ဒေသများတွင် လက်ရှိ အချိန်အထိ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရ သည်။
ထောင်နှင့်ချီသော တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့ ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မုန်တိုင်းဒဏ် အဆိုးရွားဆုံးထိခိုက်သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေတပ်သင်္ဘောများသည် အစားအစာ၊ သောက်သုံးရေနှင့် ဆေးဝါးအကူအညီများ သယ်ဆောင်ပြီး လေဘေးသင့်ပြည်သူများ အား ဖြန့်ဝေပေးလျက်ရှိသည်။ အလားတူ မုန်တိုင်းကြောင့် ပိတ်ဆို့သွားသည့် ကား လမ်းများအား ရှင်းလင်းရန် စက်ယန္တရား ကြီးများကိုလည်း လေဘေးသင့်ဒေသ များသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ