ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် နိုင်ငံတကာဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းတို့အကြား အပြန်အလှန်ချိတ်ဆက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၃
 
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International IDEA တို့ ပူးပေါင်း ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် နိုင်ငံတကာ ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းတို့အကြား အပြန်အလှန် ချိတ်ဆက်မှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
 
လေ့လာခွင့်ရမည်
 
ရှေးဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် က ယခုဆွေးနွေးပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့် ဆိုခြင်း မူသဘောတရားများ၊ နိုင်ငံတကာဥပဒေဆိုင်ရာ မူသဘောတရားများ၊ ဖက်ဒရယ်နိုင်ငံများရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏ တရားစီရင် ရေးဆိုင်ရာ အတွေ့အကြုံများနှင့် သက်ဆိုင်သောအကြောင်းအရာများကို ဗဟု သုတရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် မိမိတို့ခုံရုံး၏ လုပ်ငန်းတာဝန်များအနက် အဓိကကျ သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း မူသဘောတရား သည် အလွန်ပင်နက်နဲကျယ်ပြန့်ပါကြောင်း၊ ထိုကဲ့သို့ ပညာရပ်ဆန်ပြီး နက်နဲ သည့် အခြေခံဥပဒေအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း မူသဘောတရားများကို လေ့လာ ဆွေးနွေးခွင့်ရမည်ဖြစ်သဖြင့် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် နိုင်ငံ တကာဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း တို့အကြား ဆက်စပ်မှုများကိုလည်း လေ့လာခွင့်ရမည်ဖြစ်သဖြင့် အသိပညာ၊ ဗဟုသုတများရရှိမည်ဟု ယုံကြည်မိပါကြောင်း၊ International IDEA Myanmar နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့သည် မိတ်ဖက်အဖွဲ့အစည်း များဖြစ်ပြီး IDEA အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော် ထူထောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်မှုများ တိုးပွားလာစေရန် ပံ့ပိုးကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ခုံရုံးအနေဖြင့် အလွန်ဝမ်းမြောက်ဂုဏ်ယူ မိပါကြောင်း ပြောကြားသည်။
 
ထို့နောက် International IDEA မှ ဌာနေကိုယ်စားလှယ် Mr. Mark McDowell က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
 
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်းကျင်းပရာ Center for Constitutional Transition မှ ဒါရိုက်တာ Mr. Sujit Choudhry က ဖက်ဒရယ်နိုင်ငံများရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ၊ တရားမ ဥပဒေ၊ အင်္ဂလိပ်ရိုးရာဥပဒေနှင့် တရားရေးဆိုင်ရာအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း အခန်းကဏ္ဍ၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏အခြေခံမူများ စသည့်အကြောင်း အရာများကို ဆွေးနွေးပြီး ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူ များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
 
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံး သုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဖေဖော်ဝါရီ ၄ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်သည်။
 
ရည်ရွယ်ကျင်းပခြင်းဖြစ်
 
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် အတွေ့အကြုံနှင့် အသိပညာ များတိုးပွားလာစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ နိုင်ငံတကာဥပဒေသဘောတရားများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာ ဥပဒေများအကြား ဆက်နွှယ်မှုများနှင့်စပ်လျဉ်း၍ အသိအမြင်၊ ဗဟုသုတများ ရရှိလာစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအတွေးအခေါ်များ မြင့်မားလာစေ ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်