
ဖားကန့် ဒီဇင်ဘာ ၂၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်း လုံးခင်း ကျေးရွာအုပ်စု သာယာကုန်း ကျေးရွာအနောက်ဘက် စိန်စိန် ကုမ္ပဏီလုပ်ကွက်နှင့် ဂျိတ်ပါဝါ ကုမ္ပဏီလုပ်ကွက်တွင် ဒီဇင်ဘာ ၂၂ ရက်က မြေပြိုကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ရာ မြေစာများ ပြိုကျရာ တွင် အသက်ဆုံးရှုံးခဲ့သူများ၏ မိသားစုဝင်များအား ဒီဇင်ဘာ ၂၃ ရက်တွင် ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ အားပေးစကား ပြောကြား သည်။
ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် စီမံ ဆောင်ရွက်ထားရှိမှုများ ကို ဆွေးနွေးတင်ပြပြီးနောက် ပြည်နယ် လူမှုရေးရာဝန်ကြီးက မြေပြိုကျမှုကြောင့် အသက်ဆုံး ရှုံးခဲ့ကြသူများ၏ ကျန်ရစ်သူ မိသားစုဝင်များအား တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ထောက် ပံ့ ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်လူမှု ရေးရာဝန်ကြီးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မြေပြိုကျခဲ့သည့် နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေး ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ အားပေးစကား ပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်က မြေပြိုကျမှုဖြစ်ပွား ခဲ့သည့် အေးမြသာယာရပ်ကွက် ရှရော်ခကျေးရွာနှင့် မနကျေးရွာ ကြားရှိ ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်ဟောင်း ရေ ကန်သို့လည်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
မိုးမိုးဝေ(ပြန်/ဆက်)