ပေါင်းတည်၌ သစ်တောပယ်ဖျက်ပြီး လယ်ယာမြေများအား တောင်သူများထံ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်

 

ပေါင်းတည်    အောက်တိုဘာ   ၂၅


ပဲခူးတိုင်းဒေသကြီး   ပေါင်းတည်မြို့နယ်၌ ပန်းသင်းပင် သစ်တော ကြိုးဝိုင်း   မြေဧရိယာအတွင်း   သစ်တောပယ်ဖျက်ပြီး လယ်ယာမြေ များအား တောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ပေးအပ်ပွဲကို အောက်တိုဘာ ၂၅ ရက်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊   ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့   ဥက္ကဋ္ဌ    ဦးခင်မောင်ဦးက   အမှာစကား ပြောကြားသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က သစ်တောကြိုးဝိုင်းမြေဧရိယာမှ ပယ်ဖျက်မြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ဆွေးနွေးမှာကြားသည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးရဲဝင်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု ပုံစံ(၇) နှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များနှင့် အခွင့်အရေး ဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပြောကြားသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) များအား ပေးအပ်သည်။ အဆိုပါပေးအပ်ပွဲ၌ တောင်သူ ၁၅၅ ဦးအတွက် စပါးစိုက်ပျိုး​မြေ ၅၁၃ ဧက၊ ဦးပိုင်ပေါင်း ၂၇၃ ဦးအား  ပေးအပ်ခဲ့ရာ ကျေးရွာ  လေးရွာမှ တောင်သူကိုယ်စားလှယ်များက   တက်ရောက် လက်ခံရယူခဲ့ကြကြောင်း သိရသည်။                

သူရကြီး (ပြန်/ဆက်)