
ပေါင် ဒီဇင်ဘာ ၂၉
ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပေါင်မြို့နယ် ကတိုက်ရေလှောင် တမံဆည်မှ အချိန်မီပြည့်ဝစွာ ရေဖြန့်ဝေပေးထားသည့်အတွက် နွေစပါး စိုက်ပျိုးတောင်သူ များ အဆင်ပြေလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
ယခုလို နွေစပါးစိုက်ဧကများ အတွက် ဆည်ရေရရှိလာသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းခွင် စတင် လည်ပတ်နိုင်သောကြောင့် ရာသီ ဥတုဘေးအန္တရာယ်ကို စိုးရိမ် စရာမလိုဘဲ မြန်မြန်ဆန်ဆန်ဖြင့် နွေစပါးရိတ်သိမ်းနိုင်မည်ကြောင်း ပေါင်မြို့နယ်မှ နွေစပါးစိုက်ပျိုး တောင်သူတစ်ဦးက ပြောသည်။
“အခုလို ဆည်ရေမြန်မြန် ရတော့ အဆင်ပြေတာပေါ့။ ဒီမှာ ကျွန်တော်တို့က အဆင်သင့်ဖြစ် နေအောင် ကြိုတင်ပြင်ဆင်ထား တယ်။ ရေရတာနဲ့ လုပ်ငန်းစလို့ ရအောင် အခု ဆည်ရေ အချိန်မီ ရတော့ ပိုကောင်းတာပေါ့။ ခုနောက်ပိုင်း ရာသီဥတုကလည်း သိပ်မမှန်ဘူး။ မိုးရွာရင် ရွာတယ် လေ။ အခု ရေစောစောရတော့ အချိန်မီ စပါးရိတ်သိမ်းနိုင်တော့ နောက် မိုးစပါးရာသီအတွက် ကြိုတင်ပြင်ဆင်လို့ ရတာပေါ့။ ဒီနှစ်တောင်သူတွေ အဆင် ပြေတယ်” ဟု ၎င်းကပြောသည်။
နွေစပါး စိုက်ပျိုးမည့် တောင်သူများ ရေအပြည့်အဝ ရရှိကာ စိုက်ပျိုးနိုင်ရေးနှင့် အကျိုး စီးပွား ဖြစ်ထွန်းစေရေးအတွက် ပေါင်မြို့နယ် ကတိုက်ဆည်ရေမှ ယခုနှစ် နွေစပါးစိုက်ဧက ၁၅၀၀၀ ကျော်အား ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ ရေဖြန့်ဝေပေးခဲ့ကြောင်း တည်ဆောက်ရေး(၆) သထုံမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ က ပြောသည်။
ထို့အပြင် နွေစပါးစိုက်ပျိုးရာ တွင် ရေညီညွတ်မျှတစွာ ရရှိရေး နှင့် ကြုံတွေ့လာမည့် အခက်အခဲ လိုအပ်ချက်များ စုပေါင်းဖြေရှင်း နိုင်ရေးအတွက် ရေအသုံးချသူများ အဖွဲ့(WUG)ကို တောင်သူများဖြင့် ယမန်နှစ်မှ စတင်ဖွဲ့စည်းပေး ထားပြီး ၎င်းတို့အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် အပြန် အလှန်ဆွေးနွေးခြင်း၊ သတင်း ဖလှယ်ခြင်း စသည့်ပူးပေါင်း ဖြေရှင်းမှုများ ဆောင်ရွက်ခဲ့သည့် အတွက် တစ်နှစ်ထက်တစ်နှစ် ဆည်ရေပေးဝေမှု ပိုမိုအဆင်ပြေ လာကြောင်း ၎င်းက ဆိုသည်။
ကတိုက်ရေလှောင်တမံသည် ရေလှောင်ပမာဏ ဧကပေ ၅၅၀၀၀ ကျော်ရှိပြီး အသုံးပြုနိုင်သည့် ရေပမာဏ ဧကပေ ၅၄၀၀၀ ကျော်ရှိရာ မူလတည်ဆောက်စဉ် ဧက ၁၀၀၀၀ ကို နွေစပါးစိုက်ပျိုး ရန် ရည်ရွယ်ထားသော်လည်း နွေစပါးသီးနှံဖြစ်ထွန်းမှုနှင့် နှစ်စဉ် နွေစပါးဧရိယာ တိုးချဲ့စိုက်ပျိုးလာ သောကြောင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ စိုက်ဧက ၁၅၀၀၀ ကျော်အတွက် ရေပြည့်ဝစွာ ဖြန့်ဖြူးပေးဝေခဲ့ကြောင်း တည် ဆောက်ရေး(၆) သထုံမြို့ ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)