ပေါက်တောမြို့နယ် ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းရှိ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့

 

ပေါက်တော   မေ    ၉


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်းတွင် မေ ၇ ရက် ညနေ ပိုင်းက ကယ်ဆယ်ရေးစခန်းနေ အီလီယာ(၂၇)နှစ်နှင့် ဇနီးဖြစ်သူ မအာရှု (၂၄) နှစ်တို့ ထမင်းချက်နေစဉ်  စကားများရန်ဖြစ်ကြရာ ခင်ပွန်းဖြစ်သူ အီလီယာမှ အနီးရှိ သစ်သား ထုတ်ဖြင့် ပစ်ပေါက်ရာ နေအိမ်နောက်ဖေးမီးဖိုတွင် ထိမှန်၍ မီးစများလွင့်စဉ်ကာ အနီးရှိ ဝါးထရံနှင့် ဟွန်ဒါစက်လှေတွင် အသုံးပြုရန်ထားရှိသော ဓာတ်ဆီဘူးအား မီးကူးစက်ပြီး မီးလောင်မှု ဖြစ်ပေါ်ခဲ့သည်။

 


အဆိုပါ   မီးလောင်မှုကြောင့်   အိမ်ထောင်စု ၅၃၀ ၊ အမျိုးသာ ၁၆၂၈ ဦး၊ အမျိုးသမီး ၂၀၈၂ ဦး စုစုပေါင်း ၃၇၁၀ တို့ မီးဘေးသင့်ခဲ့ရာ မြို့နယ်ပြန်လည်ထူထောင်ရေးကော်မတီမှ မီးဘေးဒုက္ခသည်များအား   နီးစပ်ရာ   ဆွေမျိုးများနေအိမ်များ၊  စာသင်ကျောင်းများ၊ ဆေးပေးခန်းတို့တွင် ယာယီနေရာချထားပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။

 


ယမန်နေ့နံနက်ပိုင်းတွင်  အဆိုပါမီးဘေးသင့်အိမ်ထောင်စု  ၅၃၀ အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆန် ၂၆၅ အိတ်၊ ဆီ ၂၆၅ ပိဿာ၊ ဆား ၂၆၅ ပိဿာ၊ ပဲ၂၆၅ ပိဿာ၊ ရေသန့်ဘူး  ၃၇၁၀  နှင့်   ရွက်ဖျင်တဲ  ၁၀ လုံးတို့ကို ကူညီထောက်ပံ့သည်။ ထို့ပြင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စု  ၅၃၀ အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်းအေးနှင့် တာဝန်ရှိသူများက ကြိမ်နီပြင် ကယ်ဆယ်ရေးစခန်းရှိ စခန်းတာဝန်ရှိသူများထံ ပေးအပ်သည်။

ဝင်းမင်းစိုး(ပြန်/ဆက်)