
ပျော်ဘွယ် နိုဝင်ဘာ ၆
ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနက ဦးဆောင်၍ တောင်သူများ အနေဖြင့် ဒေသနှင့်ကိုက်ညီသော မျိုးကောင်း မျိုသန့်ဝါမျိုးစေ့များကို ကိုယ်တိုင်ထုတ်လုပ် နိုင်ရန်အတွက် ဝါသီးနှံမျိုးစေ့ထုတ် ဆင့်ပွား သင်တန်းကို နိုဝင်ဘာ ၄ ရက်က ညောင်ရွှေ ကျေးရွာ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးမင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးမင်း ကြည်တို့က အွန်လိုင်းမှ အမှာစကားပြောကြား ပြီး စိုက်ပျိုးရေးဦးစီးဌာန ရမည်းသင်းခရိုင်ဦးစီး မှူး ဒေါ်သက်သက်ထွန်း၊ မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်၊ မြို့နယ်ဦးစီးမှူး ဦးဝင်းညွန့် နှင့် ဝါမျိုးသန့်ခြံ(ပေကုန်း)တာဝန်ခံ ဦးကြည်စိုး တို့က ဝါသီးနှံမျိုးစေ့ထုတ်လုပ်ပုံအဆင့်ဆင့် ကို ရှင်းလင်းပို့ချကြသည်။
ပျော်ဘွယ်မြို့နယ်တွင် မိုးနှောင်းချည်မျှင် ရှည်ဝါ မျိုးသန့်အထူးဇုန်ကို ရွှေတောင်-၁၀ ဝါမျိုးဖြင့် ၄၃၃ ဧက စိုက်ပျိုးထားကြောင်း၊ တောင်သူများအနေဖြင့် မိမိဒေသနှင့် ကိုက်ညီ သည့် ချည်မျှင်ရှည်ဝါမျိုးကောင်းမျိုးသန့်များ စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်သော အလေ့ အကျင့်ကောင်းများ ရရှိစေရန်၊ ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူရရှိသုံးစွဲနိုင်ရန်၊ မျိုးကောင်း မျိုးသန့် သုံးစွဲခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး ဝင်ငွေတိုးတက်စေရန် အတွက် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းသို့ တောင်သူ ၄၀ တက်ရောက် သင်ကြားကြောင်း သိရသည်။
မင်းမင်းထွေး
(ပျော်ဘွယ်)