PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်ခြင်း

 

၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်     နိုင်ငံတော်၏တာဝန်များကို    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွှဲပြောင်းတာဝန်ထမ်းဆောင်လျက် ရှိပြီး  နိုင်ငံတော်ကို  စစ်မှန်၍စည်းကမ်းပြည့်ဝသော  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန်  ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊  ဦးတည်ချက်  (၁၂) ရပ်တို့ကို  ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ပြည်သူလူထုအား နိုင်ငံရေးဝါဒမှိုင်း တိုက်ပြီး နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ဆောင်ရွက်လိုသူများက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် NUG ၏ လက်ဝေခံဖြစ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများကို ဥပဒေမဲ့ တရားမဝင်ဖွဲ့စည်း၍ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသဖြင့် နိုင်ငံတော်က အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေအရ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပါသည်။
၂။    အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများက အပြစ်မဲ့ပြည်သူများကို အကြောက်တရားဖြင့် ဝါဒမှိုင်း  တိုက်၍  ဆွဲဆောင်စည်းရုံးကာ  အကြမ်းဖက်အဖွဲ့အစည်းများသို့  ဝင်ရောက်စေခြင်း၊   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိရာဒေသများသို့   စေလွှတ်၍     ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများတက်ရောက်စေခြင်း၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင်  ပူးပေါင်းပါဝင်စေခြင်းတို့ကို လုပ်ဆောင်စေခဲ့ပြီး လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများကို လုပ်ဆောင်စေခဲ့ပါသည်။ ၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူအမြောက် အမြား  အသက်ဆုံးရှုံးခဲ့ကြရပါသည်။ အကြမ်းဖက်လုပ်ရပ်များကြောင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဟန့်အတားများ ဖြစ်ပေါ်စေခဲ့ပါသည်။ 
၃။    ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည့်အတွက်  ပြည်သူများ၏စုပေါင်းအားဖြင့်  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စစ်မှန်၍  စည်းကမ်းပြည့်ဝသောဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို   အခြေခံ သည့်  ပြည်ထောင်စုတည်ဆောက်ရေးတို့ကို  အင်တိုက်အားတိုက်  ဆောင်ရွက်နိုင်မှသာ  လိုရာပန်းတိုင် ကို   အချိန်တိုအတွင်း   ရောက်ရှိနိုင်မည်ဖြစ်ပါသည်။   ထို့ကြောင့်   နိုင်ငံတော်အား  အလုံးစုံပျက်သုဉ်း စေလိုသူများ၏    ဝါဒမှိုင်းအောက်မှရုန်းထွက်ကာ  နိုင်ငံတော်တည်ဆောက်ရေးအတွက်  အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်သည့်အတွက်   အကြောင်းအမျိုးမျိုးကြောင့်  PDF  အပါ အဝင်    အကြမ်းဖက်အဖွဲ့များအတွင်း   ရောက်ရှိနေသူများ၊    ဥပဒေပြင်ပရှိ   အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအနေဖြင့်    နိုင်ငံတော်တည်ဆောက်ရေးတွင်   ပါဝင်နိုင်ရန်အတွက်    ဥပဒေဘောင် အတွင်းသို့   ပြန်လည်ဝင်ရောက်ရန်   ဖိတ်ခေါ်အပ်ပါသည်။ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့်   လူသတ်မှု၊  မုဒိမ်းမှု၊  သူတစ်ပါးအပေါ် ထိခိုက်နစ်နာစေမှု  စသည့်ပြစ်မှုတစ်ခုခု ကျူးလွန်ထားသူဖြစ်ပါက ဥပဒေအရ  တရားရုံးတွင်  အမှုရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး  နိုင်ငံတော်အစိုးရအနေဖြင့် ပြစ်မှုအတိုင်း အတာအပေါ်မူတည်၍    ဥပဒေကြောင်းအရ   လိုအပ်သည့်ဖြေလျှော့မှုများကို   ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
၄။    ယင်းသို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာပါက  လိုအပ်သည့်ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး လက်နက်/ခဲယမ်းပါရှိလာသူများကို အောက်ပါအတိုင်း ဆုကြေးငွေ ထောက်ပံ့ပေး သွားမည်ဖြစ်ပါသည် -
    (က)    ရိုင်ဖယ်အုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၅၀) သိန်း၊
    (ခ)    ပစ္စတိုအုပ်စုဝင်သေနတ်(၁)လက်ပါရှိပါက ကျပ် (၂၀) သိန်း၊
    (ဂ)    ပြောင်းချောသေနတ်(၁)လက်ပါရှိပါက ကျပ် (၃၀) သိန်း၊
    (ဃ)    စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီကဲ့သို့သော လက်နက်များ(၁)လက်ပါရှိပါက ကျပ် (၇၅) သိန်း၊
    (င)    လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် (၁)လက်ပါရှိပါက 
            ကျပ်(၅)သိန်း၊ 
    (စ)    လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများပါရှိပါက ကျပ် (၃) သိန်း၊
    (ဆ)    လက်နက်/ခဲယမ်းမှအပ    အခြားအသုံးအဆောင်ပစ္စည်းများ   (ဥပမာ- စကားပြောစက်) 
            ပါရှိပါက ကျပ် (၂) သိန်း။
    (ဇ)    ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁) စင်းပါရှိပါက ကျပ် (၅၀) သိန်း။
၅။    သို့ဖြစ်ပါ၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပို့၍ ဝင်ရောက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့