
နေပြည်တော် ဒီဇင်ဘာ ၂၉
ဒီဇင်ဘာ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ဒေါင့်ကြီးကျေးရွာ၌ PDF အမည်ခံအကြမ်းဖက်သူများ၏ ရက်ရက် စက်စက် လူမဆန်စွာသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ဒေါ်ဂျမ်းတော နှင့် ဒေါ်ခင်ဆွေမြင့်တို့၏ ငွေကြေးနှင့် လက်ဝတ်ရတနာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေပေးခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးချုပ် မျိုးမင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
မိသားစုဝင်များထံ ပြန်လည်အပ်နှံ
ထို့နောက် ပြန်လည်ရှာဖွေရရှိခဲ့သည့် သေဆုံးသူများ၏ ငွေကြေးနှင့် လက်ဝတ်ရတနာများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးချုပ် မျိုးမင်းနှင့် ရဲဗိုလ်ချုပ် အောင်အောင်တို့က သေဆုံးသူများ၏ သားနှင့် တူဖြစ်သူ ဦးကိုကိုမောင်နှင့် မိသားစုဝင်များထံ ပြန်လည် အပ်နှံခဲ့ရာ ဦးကိုကိုမောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယခုကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ရွှေထည်ပစ္စည်း အမျိုး အစား ၂၀၊ ငွေသားကျပ် ၂၁၁၃၈၀၀၊ အငြိမ်းစားလစာ စာအုပ် (မူရင်း) တစ်အုပ်၊ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း) တစ်ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်း (မူရင်း) တစ်ရွက်တို့ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သူများက စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ဒေါင့်ကြီးကျေးရွာနေ ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေ မြင့် တို့ကို ဒီဇင်ဘာ ၁၅ ရက်တွင် လုပ်ကြံသတ်ဖြတ်ခဲ့၍ နေအိမ်အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထိုသို့သတ်ဖြတ်မီးရှို့ခံရချိန်တွင် သေဆုံးသူ မိသားစုများကပိုင်ဆိုင်ပြီး လုံခြုံစွာသိမ်းဆည်းထားသည့် ငွေကြေးနှင့် လက်ဝတ်ရတနာများ နေအိမ်ပတ်ဝန်းကျင်၌ ကျန်ရှိနေသေးသဖြင့် ပြန်လည်ရှာဖွေပေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကျန်ရှိ မိသားစုဝင်များက သက်ဆိုင်ရာဝန်ကြီး ဌာနမှတစ်ဆင့် အကူအညီ တောင်းခံခဲ့မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေအိမ်သို့ အားချင်းသွားရောက်ရှာဖွေပေးခဲ့ရာ လက်ဝတ်ရတနာများနှင့် ငွေသား လက်ကျန်များကို ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ယနေ့တွင် ၎င်းတို့၏ မိသားစုဝင်များထံ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိခိုက်နစ်နာမှုရှိက တိုင်ကြားနိုင်
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း အကြမ်းဖက်သမားများ၊ အကြမ်းဖက် လက်နက်/ခဲယမ်း၊ ဖောက်ခွဲရေး ပစ္စည်းများနှင့်ပတ်သက်၍ လုံခြုံရေးအရ နေ့၊ ည အချိန်အခါမရွေး လိုအပ်ချက်အရ နေအိမ်များအတွင်း ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ် ရလေ့ရှိသော်လည်း အကြမ်းဖက်အုပ်စုနှင့် ဆက်စပ် လက်နက်/ ခဲယမ်း၊ မိုင်းများကိုသာ ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး မသက်ဆိုင်သည့် ပြည်သူလူထု၏ ပိုင်ဆိုင်မှုများအား လုံးဝထိပါး ပျက်စီးစေခြင်းမပြု ရန်နှင့် လိုအပ်သည့်အကူအညီများအား စိတ်ရင်းစေတနာဖြင့် ကူညီ စောင့်ရှောက်ရန် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် အယောင်ဆောင်လုံခြုံရေးတပ်ဖွဲ့အချို့၏ မသမာမှုများ လည်း ဖြစ်ပေါ်လေ့ရှိသဖြင့် ရှာဖွေစစ်ဆေးစဉ် ထိခိုက်နစ်နာမှုများ ရှိပါက ကာယကံရှင်များက သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရမည့် ဖုန်းနံပါတ်များကို တိုင်ကြားနိုင်ကြောင်း၊ အကူအညီရယူလိုပါကလည်း အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
သတင်းစဉ်