
နေပြည်တော် ဒီဇင်ဘာ ၂၀
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ထုတ်ပြန်ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာရှိ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာရှိ ဓမ္မသုခအောင်မြေရတနာ ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးနေထိုင်သည့် ကျောင်းထိုင်ဆရာတော် ဉူးသုဇာတ (၆၁)နှစ်၊ ဝါတော်(၁၀)ဝါ(ဘ)ဦးသာပို သည် အခြားသံဃာတော် နှစ်ပါးနှင့်အတူ ကျိန်းစက် နေစဉ် ဒီဇင်ဘာ ၁၈ ရက် ည ၁၁ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဆရာတော် ဉူးသုဇာတ တစ်ပါးတည်းကိုပင် ကျောင်းရှေ့သို့ ခေါ်ဆောင်၍ မုခ်ဦးအနီး၌ ဓားဖြင့် ရက်ရက်စက်စက် ခုတ်သတ် ခဲ့ကြောင်း သိရသည်။ PDF အမည်ခံအကြမ်းဖက် သမားများသည် ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကို အကြောင်းအမျိုးမျိုးပြ၍ လုပ်ကြံ သတ်ဖြတ်လျက်ရှိရာ ယခုအချိန်အထိ ၎င်းတို့၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၁၇ ပါးပျံလွန်တော် မူခဲ့ပြီး အကြမ်းဖက်သမားများ၏ရန်ကို ကြောက်ရွံ့ သော သံဃာတော်အချို့မှာလည်း ဘေးအန္တရာယ် ကင်းရာသို့ တိမ်းရှောင်လျက်ရှိကြောင်း သိရ သည်။
ထပ်မံစစ်ဆေးချက်အရ ပျံလွန်တော်မူခဲ့သည့် ဆရာတော်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ညီအစ်ကို တော်စပ်သူဖြစ်ပြီး ဆရာတော်အနေဖြင့် အကြမ်းဖက် အဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် အကြမ်းဖက် လူသတ်လုပ်ရပ်များမှာ လက်ရှိဘဝသာမက နောင်သံသရာအထိပါ အကျိုးယုတ်စေနိုင်ကြောင်း၊ ရွာသူ၊ ရွာသားအချင်းချင်း ယခုကဲ့သို့ စွပ်စွဲသတ်ဖြတ် နေမှုများကြောင့် တစ်ဦးနှင့်တစ်ဦး အမုန်းပွားစေကာ ရပ်ရွာအေးချမ်းမှုကို ပျက်ပြားစေနိုင်ကြောင်း၊ သို့ဖြစ်၍ ဗုဒ္ဓဘာသာကောင်းများ ပီသစွာဖြင့် အကြမ်းဖက်၊ လူသတ်၊ မီးရှို့ အစရှိသည့် အကြမ်းဖက် လုပ်ရပ်များကို ရပ်တန့်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်မှု ရှိစေရေး ကြိုးစားဆောင်ရွက်သင့်ကြောင်းတို့ကို ဘုရားဟောဒေသနာတရားများနှင့်အညီ ခေါ်ယူ၍ ဆိုဆုံးမခဲ့ဖူးကြောင်း၊ ထိုသို့ ခေါ်ယူဆိုဆုံးမပြောဆိုမှု များအပေါ် ကျေနပ်မှုမရှိသဖြင့် အကြမ်းဖက်သမား များက ယခုကဲ့သို့ လာရောက်၍ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ဆရာတော်အား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အမြန်ဆုံး ဖမ်းဆီးရမိရေး လိုအပ် သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်