
နေပြည်တော် နိုဝင်ဘာ ၁၅
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့ သည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့ သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲ သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများ ပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ နှင့် နေအိမ်များ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း နှင့် ပစ္စည်းများ လုယက်ခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
ထို့အပြင် ၎င်းတို့၏ ကိုယ်ကျိုးအတ္တကိုအခြေခံ၍ ကလေးသူငယ်များနှင့် သာသနာ့အကျိုးသယ်ပိုး နေသည့် ရဟန်းသံဃာများကိုပါ အကြောင်း အမျိုးမျိုးပြ စွပ်စွဲ၍ သတ်ဖြတ်သည်အထိ ကျူးလွန် လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ် သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်း တွင် သီတင်းသုံးနေထိုင်လျက်ရှိသော ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တသောမန ဆွမ်းဘုဉ်းပေးနေစဉ် အကြမ်းဖက် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆရာတော်မှာ နဖူးမှ နောက်စေ့သို့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ဖြစ်စဉ် နေရာ၌ပင် ပျံလွန်တော်မူခဲ့သည်။
ထို့အတူ နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့် တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒေါနခြံ ရပ်ကွက် ပြည်ထောင်စုလမ်းနှင့် သာစည်လမ်းဆုံ မီးပွိုင့်အနီး၌ သံဃာတော်တစ်ပါးအား အကြမ်းဖက် သူများက အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းကြောင့် နေရာ၌ပင် ပျံလွန်တော်မူခဲ့သည်။ အလားတူ ည ၉ နာရီခွဲခန့်တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် တဘက်ဆွဲကျေးရွာအုပ်စု ဒေါင်းရွာကျေးရွာရှေ့ သိဒ္ဓိအောင်ကျောင်းတိုက် (ရွှေရောင်ပြ)၌ တစ်ပါး တည်းသီတင်းသုံးတော်မူသော ဆရာတော်အား အကြမ်းဖက်သမားများက ဓားဖြင့် ဝိုင်းဝန်းခုတ် သတ်ခဲ့ခြင်းကြောင့် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အပေါ် လိုလားထောက်ခံခြင်း မရှိသော အပြစ်မဲ့ပြည်သူများ ကိုသာမက ကိုးကွယ်ယုံကြည်ရာဖြစ်သော ရဟန်း သံဃာများကိုပင် အကြောင်းအမျိုးမျိုးပြစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသော ကြောင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည့် ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ အပေါ် မုန်းတီးလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း ၈ ပုဒ်မ ၃၆၁ တွင် နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော် ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြု သည်ဟု ပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ ၃၆၂ တွင် လည်း နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော် တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သည်။
အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာ ဘာသာဖြစ်သော ဗုဒ္ဓဘာသာ၏ ရဟန်းသံဃာများကို ယခုကဲ့သို့ အကြမ်းဖက် သတ်ဖြတ်နေမှုများအား ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက် သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံထား သည်။
သတင်းစဉ်