
မြင့်စိုး(နတလ)
မဲနယ်တောင်လွမ်းချင်း
ပအိုဝ်းဒေသဟု စဉ်းစားလိုက်သည်နှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၄၈ နှစ်တာ အချိန်ကာလ၊ ဧရာဝတီ တိုင်းဒေသကြီး လေးမျက်နှာမြို့ ပရဟိတကျောင်း၏ အရိပ်အာဝါသကို မှီခိုရင်း ကိုးတန်း၊ ဆယ်တန်း ကျောင်းသားဘဝ ကြမ်းတစ်ပြေးတည်း အတူ နေထိုင်စားသောက် ပညာသင်ကြားခဲ့ကြသော ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးဒေသများက ကျောင်းနေ ဖက် သူငယ်ချင်းများကို အမှတ်ရမိသည်။ ထိုမှ ၁၉၈၁-၁၉၈၂ ပတ်ဝန်းကျင် တပ်မတော်သားဘဝ စစ်ဆင်ရေးတာဝန်ဖြင့် ဝင်ရောက်ခဲ့ဖူးသော မဲနယ် တောင်တန်းကြီးပေါ်က ပချားကလို့၊ ကျောက္ကချား ကျေးရွာများ၊ ပွန်ချောင်းနှင့် သံတံတား၊ ဆီဆိုင်ကနေ ရိက္ခာပို့လျှင် တစ်ဝက်ကြိုစနစ်ဖြင့် စောင့်ဆိုင်းခဲ့ရ သော နောင်ထော်ကျေးရွာ၊ ဗကပနှင့် ရလလဖ (ပအိုဝ်းအနီ) ပူးပေါင်းအင်အားအချို့နှင့် ထိတွေ့မှု ဖြစ်ခဲ့ပြီး အလောင်း၊ လက်နက်များလည်းရ၊ တပ်ခွဲမှူး (ဗိုလ်မှူး) ဗိုလ်ကြီး ချစ်သွင်နှင့် စစ်သည် အချို့ကျဆုံးခဲ့သည့် မိရဲကျေးရွာ၊ ဟိုပုံးမြောက်ဘက် ခြမ်း ကျောက်တန်းကျေးရွာနှင့် ပွန်ချောင်းအကြား နယ်မြေများမှာ သွားလာလှုပ်ရှားခဲ့ရသည်များက တီဗွီဖန်သားပြင်မှာ ပြန်ကြည့်နေရသလို အစီအရီ ပေါ်ပေါက်လာသည်။ ဟော……နယ်ဘက်ဝန်ထမ်း ဘဝ နတလဦးစီးဌာန၌ တာဝန်ထမ်းဆောင်ရချိန်မှာ ပအိုဝ်းဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရခဲ့ပြန်ပါသည်။
ပအိုဝ်းဒေသသည် ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဦးအောင်ခမ်းထီဦးစီးသည့် PNO (ပအိုဝ်းအဖြူ) အဖွဲ့၊ ၁၉၉၄ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ဦးတာကလယ်ဦးစီးသည့် ရလလဖ (ပအိုဝ်းအနီ) အဖွဲ့တို့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာချိန်မှစ၍ နယ်မြေတည်ငြိမ်အေးချမ်း ကာ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ဝေဆာလျက် ငြိမ်းချမ်းရေး၏ အကျိုးရလဒ်ကို ထင်ဟပ်ပေါ်လွင် စေသော ဒေသတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာခဲ့သည်။ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွန့် (ဗိုလ်ချုပ်ကြီး ခင်ညွန့်-ငြိမ်း) အား ပအိုဝ်း တိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီက ဒေသထွက်ငှက်ပျောခိုင်ကြီး လက်ဆောင်ပေးနေ သည့် ဓာတ်ပုံ၊ အတွင်းရေးမှူး (၁) နှင့် ရလလဖ အဖွဲ့ခေါင်းဆောင် ဦးတာကလယ် (ကွယ်လွန်) တို့ ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်နေသည့် မှတ်တမ်း ဓာတ်ပုံများကို ကျွန်တော်မမေ့ခဲ့။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခွင့် ရရှိပြီးနောက် ၂၀၂၂ ခုနှစ် မေ ၁၁ ရက် ပအိုဝ်းဒေသခရီးစဉ်၌ အဘ ဦးအောင်ခမ်းထီနေထိုင်ရာ ကျောက်တစ်လုံးကြီးသို့ သွားရောက်ဂါရဝပြု နှုတ်ဆက်ခဲ့ပါသေးသည်။
ငြိမ်းချမ်းခြင်း၏ အကျိုးရလဒ်
၂၀၁၁ ခုနှစ်မှစ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ခဲ့သော အဆိုပါဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်က ရပ်တန့်မသွား၊ ပို၍ပို၍ ဖွံ့ဖြိုးစည်ပင်လာခဲ့သည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနက လမ်း/ တံတားလုပ်ငန်းများ၊ လျှပ်စစ် မီးလင်းရေးကိစ္စများ၊ စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများ၊ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေဖြင့် စေတနာ အဖွဲ့က တည်ဆောက်ပေးသော စာသင်ကျောင်းများ၊ အခြားသောပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပေးသည်အထိ ဆောင်ရွက်နိုင်ခဲ့သည်။ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။
အလားတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများကိုလည်းကောင်း၊ ကျေးရွာပေါင်း ၄၀ မှ စိုက်ဧက ၁၁၀၀၉ ဧကအတွက် ကုန်ထုတ်လမ်း မိုင် ၅၀ ၃ ဖာလုံကိုလည်းကောင်း၊ တံတားငယ် ၈၉ စင်းကိုလည်းကောင်း၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများတွင် အသေးစားဓာတ်အားပေးစနစ်၊ တစ်အိမ်သုံး ဆိုလာစနစ်တို့ဖြင့်လည်းကောင်း၊ ကျေးလက်ရေပေးရေးလုပ်ငန်းများတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာပေါင်း ၄၅၅ ရွာ၌ တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ စိမ့်စမ်းရေသွယ်ယူခြင်းအပါအဝင် စုစုပေါင်း လုပ်ငန်း ၄၇၆ ခုကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ သည်။
စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ဖြစ်ထွန်း
ယင်းကဲ့သို့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း၌ စိုက်ပျိုးရေးလုပ်ငန်းများ သိသာစွာ တိုးတက်လာခဲ့သည်။ ဘိုးစဉ်ဘောင်ဆက် သနပ်ဖက်လုပ်ငန်းကို အားပြုစိုက်ပျိုးလာခဲ့ရာမှ ဝင်ငွေတိုးပွားစေမည့် ထောပတ်စိုက်ပျိုးရေး၊ ကော်ဖီစေ့စိုက်ပျိုးထုတ်လုပ်ရေး၊ လက်ဖက်နှင့် သစ်တော်၊ လိမ္မော်နှစ်ရှည်ပင်များကို လည်းကောင်း၊ ရာသီသီးနှံ အာလူး၊ ဂေါ်ဖီထုပ်၊ ငရုတ်သီး၊ ခရမ်းချဉ်၊ ပန်းမုန်လာ၊ ရွှေပဲသီး၊ နနွင်း၊ ချင်း၊ ဆီထွက်သီးနှံ မြေပဲနှင့် ပန်းနှမ်း၊ နေကြာ၊ ဆီမုန်ညင်းတို့ကို လည်းကောင်း စိုက်ပျိုးလျက်ရှိကြသည်။ အာလူး စိုက်ပျိုးရေးနှင့်ပတ်သက်၍ မူလကဒေသထွက် မျိုးရင်းများနှင့် နှစ်ပေါင်းများစွာ စိုက်ပျိုးလာရာမှ ၂၀၁၄ ခုနှစ်တွင် ကလောမြို့နယ် ဟဲဟိုးမြက်ဆက် ဒေသ၊ ဟိုပုံးမြို့နယ် ကျောက်တန်းဒေသများ၌ နယ်သာလန်မျိုးဟု ပြောရမည့် MARKIES၊ CAROLUS အာလူးမျိုးများ စတင်စမ်းသပ်စိုက်ပျိုး ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ဟဲဟိုး၊ နောင်တရား ဒေသများမှ အာလူးစိုက်တောင်သူများနှင့် စိုက်ပျိုး ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း ၁၀ ဦး နယ်သာလန်နိုင်ငံသို့ လေ့လာရေးသွားရောက်ခဲ့ ကြသည်။ ယင်းခရီးစဉ်နှင့်ဆက်စပ်၍ HEHO Potato Co.,ltd မှ MARKIES နှင့် CAROLUS အာလူးမျိုးများတင်သွင်းကာ ဟဲဟိုး၊ ပင်လောင်း၊ နောင်တရားဒေသများ၌ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခဲ့သည်။ ယင်းအာလူးမျိုးများကို ၂၀၁၅ ခုနှစ်မှ ယနေ့အချိန်ထိ စိုက်ပျိုးလျက်ရှိကြသည်။ အိမ်နီးချင်းနိုင်ငံများ၏ အာလူးဈေးကွက်ထိုးဖောက် လာမှုကို ကြုံတွေ့လာရခြင်း၊ နိုင်ငံခြားမှ အာလူး မျိုးများ နှစ်စဉ်မှာယူရာတွင် ဈေးနှုန်းမြင့်မားလာခြင်း၊ မျိုးကောင်းများ မရနိုင်ခြင်းတို့ကြောင့် ယခုအခါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အာလူးအစု အဖွဲ့များအနေဖြင့် အာလူးတစ်ရှူးကာချာ မျိုးပွား ခြင်းလုပ်ငန်းကို သုံးနှစ်အတွင်း အောင်မြင်အောင် ငွေအား၊ လူအားရင်းနှီးမတည်၍ စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။
သဘာဝမြေဩဇာစက်ရုံတည်ဆောက်နေ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၀ ရက် နောင်တရားဒေသ ခရီးစဉ်၌ အာလူးစိုက်တောင်သူများအား သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်ရေး မှာကြားချက်အရ ဦးဆောင်ကော်မတီဝင်ခုနစ်ဦး၊ အမှုဆောင် ၂၁ ဦး၊ အသင်းသား ၁၅၃၂ ဦးဖြင့် စန္တားခမ်းနောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းကို ဖွဲ့စည်းခဲ့ကြသည်။ နောင်တရားဒေသ၌ အာလူးအပါအဝင် နှစ်တို သီးနှံများစိုက်ပျိုးရာတွင် ဓာတ်မြေဩဇာများ အလွန် အကျွံသုံးစွဲမှု၏ ဆိုးကျိုးများကို တွေ့ကြုံလာခဲ့ကြ ရသည်။ မြေဆီလွှာခန်းခြောက်ပျက်စီးခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကျဆင်းလာ ခြင်း၊ ဗက်တီးရီးယားပိုးရောဂါများ ပိုမိုဖြစ်ပွား လာခြင်း၊ သဘာဝပတ်ဝန်းကျင် ရေ၊ မြေများ ပျက်စီးခြင်း၊ စားသုံးသူများ၏ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှု လျော့နည်းလာခြင်း စသည်တို့မှာ အဓိကရင်ဆိုင်လာရသော ပြဿနာများ ဖြစ်ကြရ သည်။ သည့်အတွက် သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲရန် စိတ်ဆန္ဒပြင်းပြလာခဲ့ကြသည်။
၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးဦးဆောင်လျက် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် လေသာရွာအနီးရှိ စမ်းဝတီ သဘာဝမြေဩဇာစက်ရုံကို လာရောက် လေ့လာခဲ့ကြရာ ကျွန်တော်ကိုယ်တိုင် စောင့်ကြို နှုတ်ဆက်၍ စက်ရုံတာဝန်ခံဦးမျိုးထက်ဝင်းက လိုက်လံရှင်းလင်းပြသသည်။ ထိုခရီးစဉ်မှ အပြန် တွင် နောင်တရားဒေသ၌ သဘာဝမြေဩဇာ စက်ရုံ တည်ဆောက်ရန် နောင်တရားအာလူးစိုက်ပျိုးရေး နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း တာဝန်ရှိသူများနှင့် အသင်းသားများက သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး တစ်ရက်လျှင် တန် ၄၀ ကျ သဘာဝမြေဩဇာစက်ရုံကို စတင်တည်ဆောက် နေကြပြီဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက် က နောင်တရားဒေသသို့ ကျွန်တော်တို့အဖွဲ့ သွားရောက်ခဲ့ပြီး သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်း ခွင်ကို ကြည့်ရှုအားပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ် ထုတ်လုပ်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက် ရှိကြသည်။
နောင်တရား အာလူးအအေးခန်းစက်ရုံ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များ အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသများဖြစ် သော ဟဲဟိုး၊ အောင်ပန်းဒေသများသည် အာလူး စိုက်ဧကများစွာ စိုက်ပျိုးလျက်ရှိသော ဒေသများ ဖြစ်ကြသည်။ ရာသီအားဖြင့် ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဧပြီလတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် စိုက်ပျိုးလျက် ရှိကြရာ အာလူးမျိုးများ စနစ်တကျထိန်းသိမ်းရန် အတွက် နောင်တရားဒေသ၌ အအေးခန်းစက်ရုံ တည်ဆောက်အသုံးပြုနေကြပြီဖြစ်သည်။ ယင်း စက်ရုံအနေဖြင့် တန်ချိန် ၂၀၀၀ အထိ သိုလှောင် ထိန်းသိမ်းနိုင်ကြောင်း သိရသည်။ စန္တားခမ်း နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌဦးခွန်ဆန်းဦးက ကျွန်တော်တို့အဖွဲ့အား စက်ရုံအတွင်းသို့ ဖိတ်ခေါ်၍ လိုက်လံရှင်းလင်း ပြသသည်။ “ကျွန်တော်တို့ အခုလိုအာလူးမျိုးရင်း တွေကို အအေးခန်းသိုလှောင်ရုံထဲ ထည့်ပြီး စနစ်တကျစိုက်ပျိုးနိုင်အောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်မှုပေးခဲ့တာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း လာရောက်ခဲ့တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းခရီးစဉ်မှာ ဒီလုပ်ငန်းတွေကို အစပျိုးလုပ်ဆောင်ဖို့ အအေးခန်း Container တစ်လုံး ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီကနေစတင်ပြီး ဒီကနေ့အခြေအနေအထိ အောင်မြင်ဖြစ်ထွန်းခဲ့ကြ တာမို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကျေးဇူးအထူး တင်ရှိပါကြောင်း” ဦးခွန်ဆန်းဦးက ပြောကြားခဲ့သည်။
နောင်တရားရဲ့ အားမာန်တွေ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ်အတွင်းက နောင်တရားမြို့လေး၊ တစ်ချိန်က မြို့နယ်ခွဲအဆင့်ထိ သတ်မှတ်ခဲ့ဖူးသည်။ လူမှုစီးပွား ဘဝအခြေအနေများ မြင့်မားတိုးတက်နေကြပြီး စိုက်ပျိုးရေးလုပ်ငန်းများလည်း အထူးအောင်မြင် နေကြောင်း တွေ့ရသည်။ တစ်ဖက်က အဆင့်မြင့် အအေးခန်းသိုလှောင်ရုံများ တည်ဆောက်အသုံးပြု နေသကဲ့သို့ တစ်ဖက်ကလည်း စိုက်ပျိုးရေးကဏ္ဍတွင် မဖြစ်မနေလိုအပ်လာသည့် သဘာဝ မြေဩဇာစက်ရုံ မကြာမီကာလအတွင်း ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများတွင် နောင်တရားဒေသသည် တစ်တပ်တစ်အား ပါဝင် ထမ်းရွက်နေသည့်သဘော။ နောင်တရားဒေသ၏ ကြိုးပမ်းအားထုတ်မှုများက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့်အတူ အခြားသောဒေသများကိုပါ အကျိုးပြုလျက်ရှိသည်။ ကျွန်တော်တို့အဖွဲ့ နောင်တရားမှ ပအိုဝ်းမိတ်ဆွေများကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့ကြသည်။ ဆက်လက်သွားရောက် မည့် ခရီးစဉ်ကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသ မြန်မာ - ထိုင်းနယ်စပ်အနီးက မြို့လေး တစ်မြို့ဖြစ်သော ဟိုမိန်းမြို့လေးရှိရာကို…။ ။
- Log in to post comments