ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

ပဲခူး   ဇွန်  ၁၇


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင် ရွှေတောင်မြို့နယ် အသင်းနှင့် အုတ်ဖိုမြို့နယ်အသင်းတို့က နှစ်ယောက်တွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြပြီး နတ်တလင်းမြို့နယ်အသင်းနှင့် ပေါင်းတည်မြို့နယ်အသင်းတို့က   သုံးယောက်တွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြသည်။

 


ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီး   တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဥပဒေချုပ်တို့က နှစ်ယောက်တွဲပြိုင်ပွဲတွင် အကောင်း ဆုံး အားကစားသမားဆုရရှိသူနှင့် သုံးယောက်တွဲ ပြိုင်ပွဲတွင် ရိုက်ခုတ်အကောင်းဆုံးဆု၊ ပင့်ထောက် အကောင်းဆုံးဆု နှင့် နောက်ထိန်းအကောင်းဆုံးဆု ရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးတို့က  နှစ်ယောက်တွဲပြိုင်ပွဲတွင်  တတိယ ဆုရရှိသော       အုတ်တွင်းမြို့နယ်အသင်းနှင့် သုံးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ပဲခူး မြို့နယ်အသင်းတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာ ဝန်ကြီးတို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု များကို  နှစ်ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အုတ်ဖိုမြို့နယ်အသင်းနှင့် သုံးယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသော   ပေါင်းတည်မြို့နယ်အသင်းတို့ကိုလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆု များကို ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက    မြန်မာနိုင်ငံ   ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်အဖွဲ့များအတွက်    ချီးမြှင့်ငွေကျပ်   ၁၀  သိန်း၊ နှစ်ယောက်တွဲပြိုင်ပွဲတွင်      ပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းနှင့် သုံးယောက်တွဲပြိုင်ပွဲ တွင် ပထမဆုရရှိသော နတ်တလင်းမြို့နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်သည်။

 


အဆိုပါ  မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ ပြိုင်ပွဲအသင်း ၅၆  သင်း၊ အားကစားသမား ၁၄၀ ပါဝင်ယှဉ်ပြိုင်ကစား ခဲ့ကြောင်း သိရသည်။                        

 

သတင်းစဉ်