ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ကြီးအား မြန်မာမှုလက်ရာများဖြင့် ပြန်လည်မွမ်းမံပြင်ဆင်မှု ၉၅ ရာခိုင်နှုန်းခန့်ပြီးစီး

 

ပဲခူး  ဇန်နဝါရီ   ၂


ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက် ဘက်  မုခ်အနီး  စေတီတော်ဝတ္တ‌ကမြေအတွင်း တည်‌ဆောက်ထားရှိသော  ဗုဒ္ဓအသံဓမ္မဗိမာန်ကြီး အား မြန်မာမှုအနုပညာလက်ရာများဖြင့်     ပြန်လည် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း‌ ဆောင်ရွက်လျက်ရှိရာ ယခုအခါ  လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

 


အဆိုပါ ဗုဒ္ဓအသံဓမ္မဗိမာန်ကြီးကို  ၁၉၉၅ ခုနှစ် အောက်တိုဘာ  ၂၇ ရက်က ပန္နက်တင်၍  အလျား ပေ ၂၄၀၊ အနံ ပေ ၁၅၀  ရှိသော အာစီနှစ်ထပ်အဆောက် အအုံဖြစ် ခံ့ညားထည်ဝါစွာ တည်ဆောက်ခဲ့‌ခြင်းဖြစ် သည်။ ယခုအခါ အဆိုပါ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး သည် သက်တမ်း ၂၆  နှစ်ကျော်ကြာမြင့်လာသဖြင့် ဗိမာန်ကြီး၏ဘုံဆင့်၊ ပြာသာဒ်၊ အမိုးသွပ်ပြားများ၊     မြန်မာမှုပန်းခြူးပန်းနွယ်လက်ရာများ     ပျက်စီး‌ ဆွေးမြည့်       ယိုယွင်းခြင်းများဖြစ်ပေါ်လာသဖြင့် ရေရှည်ပြုပြင်ထိန်းသိမ်း‌ရေးလုပ်ငန်းများ   ဆောင် ရွက်ရန်   တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း ၏   လမ်းညွှန်ချက်အရ  လူမှုရေးရာဝန်ကြီး ဦးဆောင် သော ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ မြို့မိမြို့ဖ များပါဝင်သည့် ထိန်းသိမ်းကြီးကြပ်ရေးကော်မတီကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက   ဖွဲ့စည်းခဲ့ပြီး ပြန်လည် မွမ်းမံပြင်ဆင်မှုများကို     ပဲခူးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ   ဦးအောင်ဇော်လတ်၏ ကြီးကြပ်မှုဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ 

 


ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး ပြန်လည်မွမ်းမံ ပြင်ဆင်မှုပြုလုပ်ခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ငွေကျပ်သိန်း ၃၅၀ ၊ သာသနာ့ဗိမာန်  ငွေစု စာအုပ်မှ ငွေကျပ်သိန်း ၁၀၀ ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကအလှူရှင်များမှ လှူဒါန်း ငွေကျပ်သိန်း ၅၅၀ ကျော်ဖြင့် အမိုးသွပ်များ အသစ် လဲလှယ်ခြင်း၊  မြန်မာမှုလက်ရာပန်းဆွဲများအသစ် လဲလှယ်တပ်ဆင်ခြင်း၊ ဗိမာန်တော်အပြင်နံရံဆေးသုတ်ခြင်း၊ ဗိမာန်တော်မြေညီထပ်မြန်မာမှုလက်ရာပန်းတမော့များပြုလုပ်ခြင်း၊ ဗိမာန်အတွင်းအာစီတိုင် များ    ပိုမိုခိုင်ခံ့လှပအောင်  ပြန်လည်ပြင်ဆင်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်သည်။ 

 


ဆက်လက်၍ ဗိမာန်ကြီး၏‌ရှေ့မျက်နှာစာ မြေဖို့ ခြင်း၊ ပန်းအလှစိုက်ခြင်း၊  အုတ်တံတိုင်းခြံစည်းရိုး တည်ဆောက်ခြင်း၊  ဗိမာန်ကြွေပြားခင်းခြင်း၊ ဗိမာန် အရှေ့/အနောက်မျက်နှာစာတွင် မြန်မာမှုလုပ်ငန်း များဆောင်ရွက်ခြင်းနှင့် ဗိမာန်အရှေ့ဘက်၊ အနောက် ဘက်နှင့် မြောက်ဘက်နံရံများတွင် ဆေးသုတ်ခြင်း စသည့်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း  သိရသည်။

 


ဗုဒ္ဓအသံဓမ္မဗိမာန်ကြီး ပြန်လည်မွမ်းမံပြုပြင် တည်ဆောက်ရေးနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော် လတ်က အပေါ်ထပ်တွင် မြန်မာမှုများနှင့် အမိုးယို သည့်ကိစ္စများ၊ အောက်ထပ်တွင် ရုပ်ပိုင်းဆိုင်ရာများ ပြန်လည်တောင့်တင်းရန်နှင့် မြန်မာမှုများနှင့်ဗိသုကာ များထည့်သွင်းမွမ်းမံခြင်းတို့ ဆောင်ရွက်နေကြောင်း၊ ကျန်ရှိနေသည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ဗုဒ္ဓအသံ  ဓမ္မ ဗိမာန်ကြီးသည် ပဲခူးမြို့အတွက် မရှိမဖြစ်လိုအပ်နေ သည့် အဆောက်အဦတစ်ခုဖြစ်ကာ သာသနာရေး၊ ဘာသာရေးဆိုင်ရာလုပ်ငန်းများကို    အဆိုပါဗိမာန် ကြီးတွင်   လာရောက်   ဆောင်ရွက်ကြရကြောင်း ပြောကြားသည်။

 


 ဗုဒ္ဓအသံဓမ္မဗိမာန်ကြီး စတင်တည်ဆောက်ပြီးစီးသည့်ချိန်မှစတင်၍ ဗိမာန်ကြီးအတွင်း၌ တရားပွဲ များ၊ ဘာသာရေးပွဲများ၊ လူမှုရေးပွဲအခမ်းအနားများ၊ ဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်၊ ဝိနိယတံခွန် စသည့် စာမေးပွဲများဖြေဆိုရာ နေရာအဖြစ် လက်ခံ ကျင်းပနိုင်ခဲ့သည့်အပြင်  စာအောင်သံဃာများအား ပူဇော်ပွဲပြုလုပ်ရာတွင်လည်း အသုံးပြုလျက်ရှိသည့် အတွက် ပဲခူးမြို့၏ဂုဏ်ဆောင် ဗိမာန်ကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။                    

တင်စိုး(ပဲခူး)