
နေပြည်တော် ဇန်နဝါရီ ၁၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူအများ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေ ရေး၊ ပြည်တွင်းထုတ်ကုန်များနှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေ ချောမွေ့စွာ စီးဆင်းနိုင်ရေး စသည့်ရည်မှန်းချက် တာဝန်များချမှတ်၍ ရထားကွန်ရက်ကြီးတစ်ခုလုံး တွင် အမြန်လူစီးရထားခရီးစဉ် ၁၆ စင်း၊ စာပို့ရထား ခရီးစဉ် ၁၂ စင်း၊ လူစီးကုန်တင်ရထားခရီးစဉ် ရှစ်စင်း တို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် အစင်း ၃၀ စုစုပေါင်း ရထားခရီးစဉ် ၆၆ စင်းတို့နှင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက် ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့် အဆင့် မြှင့်တင်နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။
မိုင်းပေါက်ကွဲမှုကြောင့် ရထားတွဲလမ်းချော်
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မွန်ပြည်နယ် ဇင်းကျိုက် ဘူတာ၌ ဌာန၏ လမ်းခင်းကျောက်များသယ်ယူရန် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပဲခူးမှထွက်ခွာလာ သည့် ကျောက်တင်တွဲလွတ် ၁၃ တွဲ ချိတ်ဆက်ပါရှိ သော အမှတ်(၃၇၅)အဆန် ကျောက်ရထားသည် ပေါင်မြို့နယ် ဇင်းကျိုက်ဘူတာနှင့် ရင်းငြိမ်ဘူတာ အကြား မိုင်တိုင်အမှတ် ၁၄၈/၂၁-၂၄ သို့ ညနေ ၆ နာရီခန့်တွင် ဖြတ်သန်းစဉ် PDF အမည်ခံအကြမ်းဖက် သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ရထားတွဲဆိုင်းပါ စက်ခေါင်း၊ ကျောက်တင်တွဲ သုံးတွဲ နှင့် ကုန်တွဲတစ်တွဲတို့ လမ်းချော်ကျ၍ ရထားလမ်း ပိတ်ဆို့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ရာ လမ်းချော်ကျခဲ့သည့် စက်ခေါင်းနှင့် တွဲများအား ပြန်လည်မတင်ပြီး လမ်းပိုင်းပြုပြင်ကာ(အပေါ်ပုံ) ယနေ့နံနက်ပိုင်းမှစ၍ ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်သည်။
ခရီးသည်များ အခက်အခဲတွေ့
အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် စက်ခေါင်းနှင့်တွဲများ၊ ရထားသံလမ်းများ၊ ကွန်ကရစ်ဇလီဖားတုံးနှင့် လမ်းခင်းကျောက်တို့ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ကာ ရထားလမ်းပိတ်ဆို့မှုကြောင့် လူစီးရထားများ ဖြင့် လိုက်ပါလာသည့် ခရီးသည် ၁၅၀၀ ကျော်တို့သည် လမ်းခရီး၌ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အလားတူပင် PDF အမည်ခံအကြမ်းဖက်သမား များအနေဖြင့် မြန်မာ့မီးရထား၏ ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ဇန်နဝါရီ ၂ ရက် ညနေပိုင်းတွင်လည်း မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ဘူတာမှ ဌာန ပိုင် လမ်းခင်းကျောက်များသယ်ဆောင်ထွက်ခွာလာသည့် အမှတ်(၆၈၇) အစုန် ကျောက်ရထားတွဲဆိုင်း အား သထုံမြို့နယ် ရင်းငြိမ်နှင့် သထုံဘူတာအကြား တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲမှုပြုလုပ်ခဲ့သောကြောင့် ကျောက် တင်ထားသည့် ရထားတွဲသုံးတွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ပြီး ကွန်ကရစ်ဇလီဖားတုံး ၁၁၅ တုံး၊ သံလမ်း ငါးပေခန့် ပြတ်ထွက်၍ သံလမ်းခြောက် ချောင်း ပျက်စီးသွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူစီးရထားခရီးစဉ်များ ကြန့်ကြာခဲ့ရပြီး ခရီးသည် ပေါင်း ၂၅၀၀ အခက်အခဲ ကြုံတွေ့ခဲ့ရသည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု ငါးကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု သုံးကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှုခြောက်ကြိမ် စုစုပေါင်း (၁၄)ကြိမ်နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း တစ်ကြိမ် တို့ကို ကျူးလွန်ခဲ့ကြသည်။
ထို့အတူ မြန်မာ့မီးရထား လမ်းကွန်ရက်တစ်ခုလုံး အနေဖြင့် ရထားလမ်းနှင့် ရထားဘူတာနယ်မြေများ အတွင်း ဗုံးထောင်၊ မိုင်းခွဲ ဖျက်ဆီးခြင်း (၁၀၅) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း(၃၄)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်ဆီးခြင်း ကိုးကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။
အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အများပြည်သူ ခရီး သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ စေရေးအတွက် အဓိကအားထားနေရသည့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ ပြေးဆွဲမှုနှောင့်နှေးကြန့်ကြာစေရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေရေးအတွက်သာမက ပြည်သူလူထုအတွက် ရထားလမ်းစနစ် ပိုမိုကြံ့ခိုင် တောင့်တင်းလာအောင် စီစဉ်ဆောင်ရွက်နေသည့် ဌာနပိုင်လမ်းခင်းကျောက် သယ်ဆောင်သည့် ရထား ခရီးစဉ်များကိုပါ ယုတ်မာရက်စက်စွာ အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ကျူးလွန်နေကြသည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဒေသခံ ပြည်သူတစ်ရပ်လုံးမှ စက်ဆုပ်ရွံရှာပြီး ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်