
နေပြည်တော် မတ် ၁
နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ Online မှတစ်ဆင့် လိမ်လည်မှု ကျူးလွန်ခြင်း၊ လောင်းကစားခြင်းကို ဗန်းပြ၍ ငွေကြေးလိမ်လည်မှု ကျူးလွန် ခြင်းများကြောင့် ပြည်သူများအနေဖြင့် ငွေကြေးနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လျက် ရှိသည်။
ထိုသို့ Online အသုံးပြု၍ လောင်း ကစားလုပ်ငန်း၊ ကံစမ်းမဲဖောက် လုပ်ငန်း၊ တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့ရာ TTbet Online Game လုပ်ငန်း၊ Golden Gift Online ကံစမ်းမဲဖောက်လုပ်ငန်း၊ Money Bag Application ၊ Cash Now Application ၊ Cola Kyat Application နှင့် U Loan Application တို့အား အသုံးပြုပြီး တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်နေကြသည့် ပြစ်မှုကျူးလွန်သူ ၇၁ ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူ ခဲ့ ရသည်။
ပြစ်မှုကျူးလွန်သူများသည် နိုင်ငံ သားစိစစ်ရေးကတ်များကို တစ်ကတ် လျှင် ကျပ်တစ်သောင်းဖြင့် ငှားရမ်းပြီး Online လောင်းကစားလုပ်ငန်းများ၊ Online လိမ်လည်မှုများ၊ တရားမဝင် ချေးငွေလုပ်ငန်းများတွင် အသုံးပြုရန် Bank Account များ ဖွင့်လှစ်၍ လုပ်ကိုင်ကြောင်း တွေ့ရှိရသဖြင့် နိုင်ငံသားစိစစ်ရေးကတ် ငှားရမ်းသူများ အနေဖြင့်လည်း ဥပဒေအရ အရေးယူ ခံရနိုင်သည်။
သို့ဖြစ်၍ Online အသုံးပြုပြီး လောင်းကစားခြင်း၊ ကံစမ်းမဲဖောက် ခြင်း၊ ချေးငွေလုပ်ငန်း လုပ်ကိုင်ခြင်းများ တွင် ပါဝင်လုပ်ကိုင်ပါက တည်ဆဲဥပဒေ များအရ အရေးယူခံရမည့်အပြင် ပြစ်မှု ကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် အကျိုးအမြတ်များကိုလည်း ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ စိစစ် ပြီး အရေးယူခံရမည်ဖြစ်သဖြင့် ယင်း လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်း မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထား ကြောင်း သိရသည်။
သတင်းစဉ်