
ONE Championship အဖွဲ့ အစည်းက စီစဉ်သည့် ONE Friday Fights 70 ပြိုင်ပွဲကို ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် ကျင်းပရာ မြန်မာဖိုက်တာ ထွန်းမင်းအောင် အနိုင်ရရှိခဲ့သည်။
ရိုးရာလက်ဝှေ့ မျိုးဆက် တစ်ဦးဖြစ်သည့် ထွန်းမင်းအောင် သည် ONE ဒုတိယမြောက်ပွဲစဉ် တွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထွန်းမင်းအောင်သည် မြန်မာ့ ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်း မင်း၊ ONE Friday Fights ပြိုင်ပွဲများတွင် ထိုးသတ်နေသည့် မြန်မာဖိုက်တာ ထွန်းမင်းနိုင် (ခ) ဆူလိုင်မန်တို့၏ ညီအရင်းလည်း ဖြစ်သည်။ ထွန်းမင်းအောင်သည် ဗီယက်နမ် ဖိုက်တာ တူရန်ကွမ်ထရန်နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ နှစ်ဦးစလုံး လက်ရည် ကွာခြားမှုမရှိဘဲ တတိယအချီ တစ်မိနစ် တစ်စက္ကန့်တွင် ထွန်းမင်းအောင်၏ တံတောင် ရိုက်ချက်မိပြီး ဗီယက်နမ်ဖိုက်တာ ဆက်လက် မယှဉ်ပြိုင်နိုင်သဖြင့် ထွန်းမင်းအောင် အနိုင်ရ ခဲ့ခြင်းဖြစ်သည်။ ထွန်းမင်းအောင်သည် ONE Championship နှင့် လက်တွဲအပြီး ပထမဆုံး ထိုးသတ်သည့်ပွဲတွင် အရေးနိမ့်ထားကာ ယခုပွဲရလဒ်မှာ အရေးပါနေသဖြင့် ပွဲစ ကတည်းက အကောင်းဆုံး ထိုးသတ်ခဲ့သည်။
ထွန်းမင်းအောင်သည် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သဖြင့် ONE Championship အဖွဲ့အစည်း CEO ချက်သရီဆစ်ယိုထောင်း ချီးမြှင့်သည့် အပိုဆုကြေး ဘတ်သုံးသိန်းခွဲရရှိ ခဲ့သည်။
ညီမြတ်သော်တာ
ဓာတ်ပုံ-ONE Championship