ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ရစ်ခ်ျတာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်

မဲလ်ဘုန်း စက်တင်ဘာ ၂၂ 


ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ရစ်ခ်ျတာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့ လှုပ်ခတ်ခဲ့ရာ  မြို့အတွင်းရှိ  လူနေတိုက်ခန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 


အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင်   မဲလ်ဘုန်းမြို့၌   လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒအဖွဲ့၏ တိုင်းတာ ချက်အရ သိရသည်။ ငလျင်လှုပ်ခတ်မှု မြေအောက် အနက် ၁၀  ကီလိုမီတာ (၆ ဒသမ ၅ မိုင်) အထိ ရှိကြောင်း သိရသည်။ 
အဆိုပါငလျင်သည်     ဩစတြေးလျနိုင်ငံ၏ သမိုင်းတွင် အင်အားအပြင်းထန်ဆုံးသော ငလျင် တစ်ခုအဖြစ် မှတ်တမ်းဝင်ကြောင်း ဩစတြေးလျဘူမိဗေဒကျွမ်းကျင်ပညာရှင်များက ဆိုသည်။ 


ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု စာရင်းများ ယခုထက်တိုင် မတွေ့ရှိရသေးကြောင်း နှင့်  ယင်းငလျင်သည်  နိုင်ငံအတွင်း  ရှားရှားပါးပါး လှုပ်ခတ်သော ငလျင်တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောသည်။ 


ငလျင်လှုပ်ခတ်ပြီးနောက် ပြင်းအား ၄ ဒသမ သုည အဆင့်နှင့် ၃ ဒသမ ၁ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်များ ဆက်လက်လှုပ်ခတ်ခဲ့သည်။ 
ဩစတြေးလျနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုသည် အဖြစ်နည်းသော      ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ဩစတြေးလျဘူမိသိပ္ပံပညာရှင်များက ဆိုသည်။  
မဲလ်ဘုန်းမြို့တွင် လူဦးရေ ငါးသန်းရှိပြီး လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက် လျက်ရှိခြင်းကြောင့် ခရီးသွားလာမှုကန့်သတ်ချက် ချမှတ်ထားလျက်ရှိသည်။ 


ကိုးကား- ဘီဘီစီ၊ 
ဘာသာပြန်- အောင်ကျော်ကျော်