
နေပြည်တော် ဖေဖော်ဝါရီ ၂၃
နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ပဉ္စမအကြိမ် မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ စည်ကား သိုက်မြိုက်စွာ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှု ထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများ စည်းလုံးပျော်ရွှင်စွာ အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အလေ့အထကောင်းများ ရရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကိုယ်စွမ်း ဉာဏ် စွမ်းရှိသရွေ့ ကျရာတာဝန်များကို အားထုတ်ကြိုးပမ်း ဆောင်ရွက် သွားကြရန်နှင့် ပြိုင်ပွဲဝင်အသင်း များအနေဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ယှဉ်ပြိုင်သွား ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် ဝန်ကြီးရုံး၊ ဦးစီး ဌာနများမှ ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း တပျော်တပါး အားကြိုးမာန်တက် ထမနဲထိုး ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်