နေပြည်တော် ဖေဖော်ဝါရီ ၂၈
ဧရာဝတီမြစ်ကူး နဝဒေးတံတား (ပြည်) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၆) နှင့် (၇) အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၅) နှင့် (၆) ကြားမှ လည်းကောင်း ဖွင့်လှစ်ထားခဲ့ပါသည်။ ယခုအခါ ရေလမ်းကြောင်း အခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်း ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှစ၍ အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ် (၇) နှင့် (၈) အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၆)နှင့် (၇) အကြားမှလည်းကောင်း ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ်ပါသည်။
ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ ပေ ၃၅၀ ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် ၅၇ ပေ ရှိပါသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသား ပြသ၍ ညအခါ မီးစိမ်းထွန်း ပြသထားပါမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ်အမှတ်အသားပြသ၍ ညအခါ မီးနီထွန်း ပြသ ထားပါမည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် ၁၅ ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်း ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် သတင်းထုတ်ပြန်ထားပါသည်။
သတင်းစဉ်



