သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

 

နေပြည်တော် နိုဝင်ဘာ ၁၂


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ ဆီကုန်သည်နှင့်    ဆီလုပ်ငန်းရှင်များအသင်းတို့    ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ  သက်သာသောဈေးနှုန်းဖြင့်   ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့်   တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းဖြင့်  မှာယူတင်သွင်း ခဲ့သည့် စားအုန်းဆီများကို  နိုဝင်ဘာ ၉ ရက်မှစတင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဒေသအသီးသီးရှိ     လက်လီ/ လက်ကားရောင်းချသူများသို့ တစ်ပိဿာလျှင်  လက်ကားဈေးငွေကျပ် ၄၂၄၀ ဖြင့်   နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့အတွက် စားအုန်းဆီတန်ချိန် ၃၈၂၇ ဒသမ ၁၇ တန်၊  ၂၃၄၂၂၃၀ ပိဿာ ရောင်းချခဲ့ပြီးဖြစ်သည်။ 

 


ရန်ကုန်မြို့အတွင်းရှိ    စားသုံးသူများအတွက်   ဆီအသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို   လက်ကား ဝယ်ယူရောင်းချသူများအနေဖြင့်   လက်လီအရောင်းဆိုင်များတွင် အသားတင်အကျိုးအမြတ်  (၂ ရာခိုင်နှုန်း)ထက်မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့   ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ် ကြောင်းနှင့်  စားသုံးသူပြည်သူများသို့    လက်လီ/ လက်ကား ဖြန့်ဖြူး ရောင်းချပေးမည့်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊    အမှတ် (၁၀၄/၁၀၈)   ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက်  (ဆင်မင်းအိမ်ရာ ဓမ္မာရုံရှေ့)   အလုံမြို့နယ်၊ ဖုန်းအမှတ်၊ ၀၉၄၄၄၄၃၇၂၉၅၊ ၀၉၄၀၁၅၂၇၀၄၉နှင့်    ရန်ကုန်တိုင်း ဒေသကြီး  စားသုံးသူရေးရာဦးစီးဌာန ၀၁၂၅၀၂၇၀၊ ၀၉၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း  သိရသည်။          

သတင်းစဉ်