
ရန်ကုန် နိုဝင်ဘာ ၁၁
၂၀၂၀ အာဆီယံဆူဇူကီးဖလားပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တူရကီနိုင်ငံ၌ Antalya မြို့၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၀ ရက်က တူရကီအပျော်တမ်းကလပ် Manavgatspor အသင်းနှင့် ယှဉ်ပြိုင် ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ဆူဇူကီးပြိုင်ပွဲမတိုင်မီ ပထမဆုံးကစားသည့်ခြေစမ်းပွဲဖြစ်သောကြောင့် ရွေးချယ်ထားသည့် ပဏာမကစားသမား အားလုံးနီးပါး အသုံးပြုခဲ့ပြီး ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ကစားသမားအများအပြား အပြောင်းအလဲပြုလုပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပထမပိုင်းတွင် ဂိုး-မျိုးမင်း လတ်၊ နောက်တန်း-အောင်ဝဏ္ဏစိုး၊ ရဲမင်းသူ၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်း- မောင်မောင်ဝင်း၊ နေမိုးနိုင်၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ မျိုးကိုထွန်း၊ ရှေ့တန်း- ဝင်းနိုင်ထွန်း၊ ဒုတိယပိုင်းတွင် ဂိုး- စိုးအာကာ၊ နောက်တန်း- ဒေးဗစ်ထန်၊ ငြိမ်းချမ်း၊ ဇော်ရဲ ထွန်း၊ ဝင်းမိုးကျော်၊ အလယ်တန်း- လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ မောင်မောင်လွင်၊ ရှေ့တန်း- သန်းပိုင်တို့ ပါဝင်ကစားခဲ့သည်။ Manavgatspor အသင်းသည် တူရကီ အပျော်တမ်းလိဂ်တွင် ပါဝင်ယှဉ်ပြိုင်နေသည့်အသင်းဖြစ်ပြီး ယင်းလိဂ်မှာ တူရကီနိုင်ငံတွင် ပဉ္စမတန်းအဆင့်ရှိသည့် ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းအတွက် အနိုင်ဂိုး များကို ၄၁ မိနစ်တွင် ဝင်းနိုင်ထွန်းနှင့် ၆၅ မိနစ်တွင် မောင်မောင်လွင်တို့က သွင်းယူခဲ့ပြီး ပွဲချိန် ၇၅ မိနစ်တွင် ချေပဂိုးတစ်ဂိုးပြန်ပေးခဲ့ရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၃ ရက်တွင် အာဖရိကအသင်းဖြစ်သော ဘူရန်ဒီအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ထပ်မံကစားမည်ဖြစ်သည်။
ရဲရင့်လွင်