ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

 

ရန်ကုန်      နိုဝင်ဘာ     ၁၁


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက် ရှိသော YBS ယာဉ်လိုင်းများမှ   ယာဉ်မောင်း များအား (ဒုတိယအကြိမ်) တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင်  တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီး ပေါ်ရှိ    ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံး၌   ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး    လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးကြောင်း သိရသည်။

 


“ပထမတစ်ကြိမ်တုန်းက    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ ရန်ကုန် မြို့တွင်းပြေးဆွဲနေတဲ့   YBS  ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းတွေနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေကို ဒုတိယအကြိမ်အနေနဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်ပါတယ်။ နိုဝင်ဘာ ၁၀ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်အထိ နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ လေးရက်ကြာ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

 


အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး နှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေ ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  YRTC ရုံးမှ တာဝန်ရှိ သူများ၊    မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ   ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ လက်ကို စနစ် တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်းအပါအဝင်  လိုအပ်သည်များကို  ဝိုင်းဝန်း   ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 


လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ   သွားလာနိုင်စေရေးအတွက်   ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ စီမံမှုဖြင့် နေ့စဉ် YBS ယာဉ်လိုင်း ၉၇ လိုင်းမှ ယာဉ်အစီးရေ ၂၆၀၀ ခန့်ဖြင့် ခရီးသွားပြည်သူ လေးသိန်းခွဲခန့်အား ပို့ဆောင်ပေးလျက်ရှိရာ YBS ခရီးသည်တင်ယာဉ်မောင်းများအနေဖြင့် နေ့စဉ်ခရီးသွားပြည်သူများနှင့် ပြောဆိုဆက်ဆံနေကြရပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရရန် လွယ်ကူ နေသဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှ ၁၆ ရက်အထိ YBS ယာဉ်လိုင်းကုမ္ပဏီ ၁၉ခု၊ ပုဂ္ဂလိကကြီးကြပ် လေးခု စုစုပေါင်း ၂၃ ခုတွင် ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ယာဉ် မောင်းများနှင့် ကုမ္ပဏီဝန်ထမ်း ၂၅၅၅ ဦးအား (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။   အဆိုပါ YBS ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်းများအား (ဒုတိယအကြိမ်) အဖြစ် နိုဝင်ဘာ ၁၀ ရက်မှ  ၁၃ ရက်အထိ လေးရက်ကြာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိကြောင်း YRTC မှ သိရသည်။               


နိုင်လင်းအောင်(ပြန်/ဆက်)