
ရန်ကုန် နိုဝင်ဘာ ၈
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒဂုံတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပ သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးဌေးအောင်က ဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က အမှာစကားပြောကြားရာတွင် အဆင့်မြင့်ပညာရေးနှင့်ပတ်သက်၍ တက္ကသိုလ်များကို အရည်အသွေးရှိအောင် ဆောင်ရွက်ရန်နှင့် စာကြည့် တိုက်များကိုလည်း စနစ်တကျအဆင့်မြှင့်တင်သွားရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တက္ကသိုလ်များကိုအဆင့်မြှင့်တင်ရန်အတွက် Software Development နှင့် Hardware Development ဆိုင်ရာများကို အစီ အစဉ်ရေးဆွဲဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်လိုက် သည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအတွက် မွမ်းမံသင်တန်းသည် Software Development ကို အကောင်အထည်ဖော်နေခြင်းပင်ဖြစ် ကြောင်း၊ သင်တန်းကာလမှာ ယနေ့မှ ဒီဇင်ဘာ ၈ ရက်အထိ ကြာမြင့် မည်ဖြစ်ကြောင်း၊ သင်တန်းတွင် စီမံ၊ ဘဏ္ဍာ၊ သင်တန်းရေးရာအကြောင်း အရာများ၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ သိရှိလိုက်နာစရာများအပြင် လက်တွေ့သင်ကြားရေးနယ်ပယ်၌ အထောက်အကူပြုမည့် ဘာသာရပ်များကို သင်ယူကြရမည်ဖြစ်ကြောင်း၊ နည်းပြ၊ သရုပ်ပြ သစ်လွင် ဆရာ ဆရာမများအနေဖြင့် ပို့ချချက်များကို အထူးအလေးထား လေ့လာသင်ယူကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားမှူးများက ဒဂုံတက္ကသိုလ်၏ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့် မိတ်ဆက် ပေးသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ်က သင်တန်းအတွက် အလှူငွေကျပ် ၄၅ သိန်းကို ပေးအပ်ရာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်က လက်ခံသည်။
အဆိုပါသင်တန်းသို့ ဘာသာရပ်ပေါင်းစုံမှ နည်းပြ၊ သရုပ်ပြ စုစုပေါင်း ၁၅၂ ဦး တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည်။ သတင်းစဉ်