
နေပြည်တော် နိုဝင်ဘာ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် နိုဝင်ဘာ ၅ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်ရှိ ပဋိဇီဝ ဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ဓာတ်ခွဲခန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြည်ပ ပို့ကုန် ငါး၊ ပုစွန်များ ပြုပြင်ထုပ်ပိုးမှု လုပ်ငန်းများ အနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိရာတွင် အဆိုပါ စက်ရုံအလုပ်ရုံများ၏ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူအားလုံး ၏ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံသတ်မှတ်ချက်များ တိကျစွာလိုက်နာဆောင်ရွက် ရေးကို တာဝန်ရှိသူအဆင့်ဆင့်တို့က အလေးထား ကြပ်မတ်ရန်လိုကြောင်း၊ ပို့ကုန်ပစ္စည်း၏ စံချိန် စံညွှန်းသေချာမှုသည် ယင်းပစ္စည်း၏ တန်ဖိုးဖြစ် သကဲ့သို့ ဈေးကွက်၏ ယုံကြည်မှုအာမခံချက်ဖြစ်သည် ကို အထူးဂရုပြုကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါဓာတ်ခွဲခန်းအနေဖြင့် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြု ဓာတ်ခွဲခန်း ထောက်ခံချက် (ISO/IEC 17025:2017)လက်မှတ်ကို ပဉ္စမအကြိမ် ရရှိထားပြီး ပဋိဇီဝဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုး စစ်ဆေးရေး ဓာတ်ခွဲခန်းလုပ်ငန်းများ၊ စစ်ဆေးရေး နှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်များတွင် ကူးစက်ရောဂါနှင့် ဓာတ်ကြွင်းများပါဝင်မှုမရှိစေရေးလုပ်ငန်းများကို မြန်မာ့မွေးမြူရေး ရေထွက်ကုန် များအတွက် ဓာတုဓာတ်ကြွင်းများ စောင့်ကြည့် စစ်ဆေးမှု အမျိုးသားအဆင့်စီမံချက် (National Residue Monitoring Plan-NRMP)နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၉) အစည်း အဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရေရှည် တည်တံ့သော ထုတ်လုပ်မှု ပြုပြင်ထုပ်ပိုးမှု နည်းပညာများ ထောက်ပံ့ပေးနိုင်ရေးနှင့် ဈေးကွက် ဆိုင်ရာ သတင်းအချက်အလက်များကို အသုံးပြု၍ ပြည်တွင်းပြည်ပ ဈေးကွက်ဝယ်လိုအားနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ် နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်