
စစ်တွေ နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်၏ ရှည်လျားသော ကမ်းရိုးတန်း တစ်လျှောက်တွင် ပေါက်ရောက်လျက်ရှိသည့် ဒီရေတောများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်၊ ကမ္ဘာကြီးပူနွေးလာမှု နှင့် ရေနေသတ္တဝါများရှင်သန်ပေါက်ပွားရာ ဒီရေ တောများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် နိုဝင်ဘာ ၃ ရက် မှ စတင်၍ ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် ရေချို မြစ်၊ ချောင်းများနှင့် ရေငန်မြစ်၊ ချောင်း များ၊ ရေချိုနှင့် ရေငန်စပ်မြစ်၊ ချောင်းများပေါများရာ ဒေသ ဖြစ်ပြီး ဒီရေတောများသည် ငါး၊ ပုစွန်များ မျိုးဥချရာနေရာဖြစ် သည့်အပြင် သဘာဝရေပြင်သို့ မရောက်မီ ဒီရေတောတွင် ရေနေ သတ္တဝါများ မှီခိုနေထိုင်ရှင်သန် ရန် သဘာဝအသိုက်အမြုံဖြစ် သောကြောင့် ဒီရေတောများကို ခုတ်ထွင်ခြင်းသည် ရေသယံဇာတ ကို ထိခိုက်စေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက် စေသည့်အတွက် ရခိုင်ပြည်နယ် အတွင်းရှိ ဒီရေတောများ ပြုန်းတီး မှုမရှိစေရန် ထိန်းသိမ်းကာကွယ် မှုကို စီမံချက်ရေးဆွဲဆောင်ရွက်ခြင်းဖြစ်သည်။
“စီမံချက်နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်က ဒီရေတောများ ထိန်းသိမ်း ကာကွယ်မှုကို မြေပြင်ကွင်းဆင်းဆောင်ရွက်နေပါတယ်။ မနေ့က စပြီး မြစ်၊ ချောင်းတွေအားလုံး မှာရှိတဲ့ ဒီရေတောတွေမှာ တရား မဝင် ခုတ်ထွင်ခြင်းမရှိအောင် ကြပ်မတ်ဆောင်ရွက်နေတာပါ။ ဒီရေတောတွေ စဉ်ဆက်မပြတ် ရှင်သန်ဖို့အတွက် ဌာနဆိုင်ရာနဲ့လူမှုရေးအသင်းအဖွဲ့တွေ နှစ်စဉ် ပျိုးပင်တွေကို ပြုစုပျိုးထောင် နေတာကြောင့် ဒီရေတောတွေ ပျက်စီးမှုမရှိအောင် အားလုံး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးအောင်မင်းက ပြောကြားသည်။
ရခိုင်ပြည်နယ်သည် ရှည် လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသော ဒေသဖြစ်ပြီး ဒီရေတောအများဆုံး ရှင်သန် ပေါက်ရောက်ရာ နေရာဖြစ်ရာ သစ်ပင်များခုတ်ထွင်ခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရန် ဒီရေတောများကို ခုတ်ထွင်လေ့ရှိရာ ထိုသို့ခုတ်ထွင်မှု မရှိဘဲ သဘာဝအတိုင်း မွေးမြူ ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် မွေးမြူရေး တောင်သူများအား အသိပညာ ပေး ဆောင်ရွက်ခဲ့သည့်နည်းတူ သစ်တောဦးစီးဌာနကလည်း ဒီရေ တောများကို ခုတ်ထွင်ခြင်းမရှိ စေ ရန် ကြပ်မတ်ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံပိုင် ဒီရေတောနှင့် ပုဂ္ဂလိကပိုင် ဒီရေတောများကို လည်း သစ်တောဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ ပြီး ပျိုးပင်များကိုလည်း နှစ်စဉ် စိုက်ပျိုးလျက်ရှိသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ-ကနူး