
ပဲခူး နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းလာသည့်အပြင် ပွင့်လင်းရာသီလည်း ရောက်ရှိလာပြီဖြစ်၍ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁ ရက် က ပြုလုပ်သော ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)တွင် ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးတွင်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်း လာသည့်အပြင် ပွင့်လင်းရာသီလည်း ရောက် ရှိလာပြီဖြစ်၍ တိုင်းဒေသကြီးအတွင်း ယခင် ကထက်ခရီးသွားများ ပိုမိုလာရောက်ကြမည် ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး လာရောက် လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ် တည်းခိုနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်း ကဏ္ဍအသီးသီးတွင် ကျန်းမာရေးနှင့် ပတ်သက်၍ လုံခြုံစိတ်ချမှုရှိအောင် ကြိုတင်ပြင်ဆင်ပေးထားရမည် ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်း ရှင်များနှင့် ဝန်ထမ်းများအားလုံးကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများလည်း ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ခရီးစဉ်ဒေသတစ်ခု တည်းမှာ ခရီးသွားဧည့်သည်များ စုပြုံ သွားလာလည်ပတ်မှု မရှိစေရေးအတွက် တိုင်း ဒေသကြီးအတွင်း အခြားစိတ်ဝင်စားဖွယ် ခရီးစဉ်ဒေသအသစ်များကိုလည်း ဖော်ထုတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက (၁/၂၀၂၁) အစည်းအဝေးမှ ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်းနှင့် ဟိုတယ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင်များက ကဏ္ဍအလိုက် ဆွေးနွေး အကြံပြုကြကာ ဆွေးနွေးချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆုံးဖြတ် ဆောင်ရွက်ပေးသည်။
တင်စိုး(ပဲခူး)