
မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ
ကူညီဆောင်ရွက်ပေးမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးနေမှုအခြေအနေ၊ ယခုအခါ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာပြီဖြစ် သဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံအတွက် အမေရိကန် နိုင်ငံမှ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ကူညီဆောင်ရွက်ပေးမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကို လှိုင်၊ ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက် ကြပြီး အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်